DVB Logo
Home
မြန်မာသတင်း
စစ်တပ်လော်ဘီများကို တန်ပြန်ရေးအစုအဖွဲ့ ၉၄ ခုက အမေရိကန်လွှတ်တော်ကို အိတ်ဖွင့်စာပေးပို့
DVB
·
November 3, 2025
စစ်တပ်လော်ဘီများကို တန်ပြန်ရေးအစုအဖွဲ့ ၉၄ ခုက အမေရိကန်လွှတ်တော်ကို အိတ်ဖွင့်စာပေးပို့
Donate to DVB

စစ်ကောင်စီ ငှားရမ်းထားတဲ့ လော်ဘီကုမ္ပဏီတွေရဲ့ခြေလှမ်းတွေကို တန်ပြန်နိုင်ရေး မြန်မာ့အရေး ဆောင်ရွက်တဲ့ အစုအဖွဲ့ ၉၄ ခုက အမေရိကန်လွှတ်တော်ကို အိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။

စစ်ကောင်စီက ဩဂုတ်လမှာ အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီ DCI Group ကို တနှစ်ဒေါ်လာ ၃ သန်းပေးပြီး ငှားရမ်းထားသလို PR ကုမ္ပဏီဖြစ်တဲ့ McKeon Group ကိုလည်း တလ ဒေါ်လာ ၆ သောင်းပေးပြီး ၆ လ စာချုပ်ထားတာပါ။ 

စစ်ကောင်စီက မြေရှားသတ္တုမက်လုံးနဲ့ အမေရိကန်အစိုးရကို ချဉ်းကပ်နိုင်ဖို့ ကြိုးစားနေသလို အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေး မတည်ငြိမ်တာကိုလည်း အခွင့်အရေးယူဖို့ ကြိုးစားနေတာဖြစ်ပါတ​​ယ်။ 

စစ်ကောင်စီငှားရမ်းထားတဲ့ လော်ဘီကုမ္ပဏီတွေရဲ့ ခြေလှမ်းတွေကို တန်ပြန်နိုင်ဖို့နဲ့ မြေပြင်က မြန်မာပြည်သူတွေရဲ့ တကယ့်အခက်အခဲတွေကို အမေရိကန်အစိုးရနဲ့ လွှတ်တော်က သိရှိဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားကွန်မြူနတီတွေနဲ့ ဘာသာရေးအဖွဲ့အစည်း ၉၄ ခုတို့က အောက်တိုဘာ ၂၈ ရက်နေ့မှာ အိတ်ဖွင့်ပေးစာတစောင်ထုတ်ပြန်ခဲ့ပြီးနောက် ဒေသစံတော်ချိန် နိုဝင်ဘာ ၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတရပ် ထပ်မံပြုလုပ်ခဲ့ပါတယ်။

Burma Advocacy Group မှ အီသန်မြင့် က “စစ်တပ်ကို သူတို့က အရေးယူပိတ်ဆို့တာပေါ့၊ အဲ့ဒီလိုမျိုး နည်းနည်းကြမ်းတဲ့ ပေါ်လစီတွေက မအောင်မြင်နေဘူး။ အဲဒါကြောင့်မို့ တရုတ်ဘက်ခြမ်းသွားနေပြီ ဆိုပြီးတော့ စစ်တပ်ကို သွားပြီးတော့ အပြုသဘောဆောင်တဲ့ စေ့စပ်မှုတွေသွားလုပ်ဖို့ ကြိုးစားမှာကို ကျနော်တော့ တော်တော်စိတ်ပူတယ်ဗျာ၊ ဒီကြိုးစားမှုတွေ အားလုံးကကျတော့ အဲဒါကို တန်ပြန်နိုင်ဖို့ပေါ့။ ဒီလိုမျိုး အမေရိကန်အစိုးရက တွေးနေတဲ့အချိန်မှာ စစ်တပ်ကလည်း အဲဒါကိုနားလည်တော့ သူတို့တွေက ဒီဘက်ခြမ်းမှာ လော်ဘီတွေ၊ PR လုပ်ငန်းတွေကို ခေါ်ထားပြီးတော့ လုပ်တယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့ US က အစုအဖွဲ့တွေ တာဝန်ရှိတာက ဒီစစ်တပ်က ပြောနေတဲ့ဟာ အကုန်လုံးက လိမ်နေတာပေါ့။ သူတို့တွေ ဘာမှလည်း လုပ်နိုင်မှာမဟုတ်ဘူး၊ တည်ငြိမ်ရေးပေးနိုင်မှာလည်း မဟုတ်ဘူး၊ အမေရိကန်အတွက် ဘာမှ အကောင်းထွက်လာမှာလည်း မဟုတ်ဘူးဆိုတာ အဓိက အဲဒီသတင်းစကားပေးတာက အန္တရာယ်ရှိနေလို့ပေါ့နော် အမေရိကန်အစိုးရက သွားစေ့စပ်မှာကို။ အဲ့ဒါကို ကျနော်တို့တွေက ပြန်ပြီးစေ့စပ်နိုင်ဖို့လုပ်နေပါတယ်။ ဒီစာကလည်း အစပဲရှိသေးတာပါဗျာ” လို့ ပြောပါတယ်။

အခုပေးပို့တဲ့ အိတ်ဖွင့်ပေးစာကို အမေရိကန်အစိုးရနဲ့ လွှတ်တော်က အရေးပါတဲ့ တာဝန်ရှိသူတွေလက်ထဲ ရောက်ပြီး ဖတ်နိုင်ဖို့၊ သိဖို့အထိ မြန်မာ့အရေးဆောင်ရွက်သူတွေက ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့လွှတ်တော်သာမက အမေရိကန်နိုင်ငံသား အခြေခံပြည်သူတွေပါ မြန်မာ့အရေးကို သိနားလည်အောင် အမေရိကန်ရောက်မြန်မာတွေက ကြိုးစားအသိပေးနေကြတာပါ။

Gender Equality Network ဒါရိုက်တာ မမေစံပယ်ဖြူက “ပြည်သူ့တော်လှန်ရေးအဖွဲ့တွေကသာလျှင် မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများကို လွှမ်းမိုးထိန်းချုပ်ထားတာဖြစ်တယ်။ အထူးသဖြင့် မြေရှားထွက်တဲ့ဒေသတွေက စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် ထိန်းချုပ်ထားမှုအောက်မှာရှိတာ မဟုတ်ဘူးဆိုတဲ့အချက်တွေကိုလည်း ကျမတို့ ဖော်ပြထားတာ ဖြစ်တယ်။ တခါတလေကျတော့ ကျမတို့အားလုံး သိတဲ့အချက်တွေက အမေရိကန်နိုင်ငံအစိုးရနဲ့ လွှတ်တော်မှာရှိတဲ့သူတွေ သိပြီးသားလို့ ကျမတို့တွေက တခါတလေမှာ မှားယွင်းပြီး ယူဆတတ်တယ်ပေါ့နော်၊ သူတို့တွေမှာလည်း ကိစ္စရပ်တွေက အရမ်းများတဲ့အခါကျတော့ ကျမတို့သိသလိုမျိုး သူတို့ အရာအားလုံးကို အသေးစိတ်သိနေတာတော့ မဟုတ်ဘူးပေါ့လေ။ ဒါကြောင့်လည်း ကျမတို့တွေက သူတို့အနေနဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်လေးတွေကို အခုလိုမျိုး စာရေးသားပြီးတော့ ပေးပို့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်ရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲ၊ မြေပြင်က စစ်ရာဇဝတ်မှုတွေနဲ့ သတ်ဖြတ်မှုတွေ၊ လော်ဘီကုမ္ပဏီငှားရမ်းတာတွေအပါအဝင် သတင်းအချက်အလက်အသိပေးစာတွေကို အမေရိကန်လွှတ်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဆက်တိုက်ပေးပို့နေပါတယ်။

ဆန်ဖရန်စ္စကိုဗေးဧရိယာမှ မခင်သီရိနန္ဒာစိုးက “ရန်သူကို တန်ပြန်ရတဲ့ကိစ္စတွေလည်းရှိပါတယ်၊ အဖျက်လုပ်တဲ့ဟာတွေပေါ့နော်။ Advocacy မှာလည်း အဖျက်လုပ်တဲ့လူတွေ အဖျက်လုပ်တဲ့ အဖွဲ့အစည်းတွေဆိုတာရှိပါတယ်။ အဲဒီဟာတွေကိုလည်း ကျမတို့တွေက တဖက်ကနေပြီးမှ လိမ္မာပါးနပ်စွာနဲ့ ပြန်လည်ပြီးတော့ တုံ့ပြန်ရတဲ့ကိစ္စတွေရှိတယ်ပေါ့နော်။ အားလုံး ဟာမိုနီဖြစ်ပြီးတော့ စုစည်းပြီးတော့ လုပ်နိုင်ဖို့အတွက် ကျမတို့တော်လှန်ရေးအတွက် အများကြီးပါတယ်လို့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ ပြည်တွင်းပြည်ပ မြန်မာ့အရေးဆောင်ရွက်သူတွေစုပေါင်းပါဝင်တဲ့ Global Meeting တွေ အကြိမ်ကြိမ်ခေါ်ယူခဲ့ပြီး ပြည်သူ့ပေါ်လစီ ၇ ချက်ချမှတ်ထားတာပါ။ 

နိုင်ငံတကာသံတမန်အသိုက်အဝန်း နဲ့ အစိုးရတွေရဲ့ ပိုမိုထောက်ခံအားပေးမှုရရှိရေး၊ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးတွေကို တင်ပို့နိုင်ရေး၊ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ရေး၊ ရေနံ-သဘာဝဓာတ်ငွေ့နဲ့ သယံဇာတလုပ်ငန်းတွေမှာ စစ်တပ်ကို ဝင်ငွေရအောင် ကူညီပေးနေတဲ့ ကုမ္ပဏီတွေကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ဖို့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလမှာ ရာထူးတာဝန်ထိန်းသိမ်းထားနိုင်ရေး၊ အမေရိကန်ဗဟိုဘဏ်က ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံပိုင် ငွေ ဒေါ်လာသန်းတထောင်ကို နွေဦးတော်လှန်ရေးအတွက် အသုံးပြုခွင့်ရဖို့၊ အမေရိကန်အစိုးရရဲ့ အထောက်အပံ့တွေ ဥပဒေအဖြစ်ကနေ အမြန်အသက်ဝင်ပြီး မြေပြင်ကိုရောက်ရှိရေး စတဲ့အချက်တွေဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013