
ဗြိတိန် ရထားတစင်းပေါ်မှာ ဓားနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး အကြမ်းဖက်ဖြစ်ရပ်အဖြစ် မသတ်မှတ်ဘဲ လူသတ်ဖို့ ကြံစည်မှု သံသယနဲ့ အမျိုးသား ၂ ယောက်ကို နိုဝင်ဘာ ၂ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေအတွက် ကုသမှုခံယူခဲ့ရသူ ၉ ယောက်ရှိခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲက ကလေးတယောက်ကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ပြီး ၂ ယောက်ကတော့ အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေ ကျန်နေသေးတယ်လို့ ရဲအရာရှိ ဂျွန် လဗ်လက်စ်က ကိန်းဘရေ့ချ်ရှိုင်းယားမြို့နယ်၊ ဟန့်တင်းဒန်ရထားဘူတာအပြင်ဘက်မှာမီဒီယာတွေကို ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဒီဖြစ်ရပ်ဟာ အလွန်စိုးရိမ်စရာ ထိတ်လန့်စရာဖြစ်ရပ်လို့ ခေါ်ဆိုခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး ရှာဘာနာမာမွတ်ဒ်ကလည်း ဒီဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းတဲ့အကြောင်း ပြောခဲ့ပြီး ဒီကိစ္စ မှတ်ချက်ပေးတာတွေနဲ့ ထင်ကြေးပေးတာတွေကို ရှောင်ကြဉ်ဖို့ လူတွေကို တိုက်တွန်းခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တုန်းက အင်္ဂလန် အနောက်မြောက်ပိုင်းက ဆောက်သ်ပို့ထ်မြို့မှာ မိန်းကလေးငယ် ၃ ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ အွန်လိုင်းပေါ်က စွပ်စွဲချက်တွေကြောင့် နိုင်ငံတဝန်း ရက်ပေါင်းများစွာ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် လူမှုမီဒီယာမှာ ကောလာဟလတွေ ပျံ့နှံ့မှုကို ရပ်တန့်ဖို့ ဗြိတိန်အစိုးရက စိတ်အားထက်သန်နေပါတယ်။
Source: Reuters











