DVB Logo
Home
မြန်မာသတင်း
စစ်တပ်ထောက်ခံသူအနုပညာရှင်များကို ထိုင်းတွင် သပိတ်မှောက်မှုအောင်မြင်၊ ပွဲအချို့ ဖျက်သိမ်း
DVB
·
November 1, 2025
စစ်တပ်ထောက်ခံသူအနုပညာရှင်များကို ထိုင်းတွင် သပိတ်မှောက်မှုအောင်မြင်၊ ပွဲအချို့ ဖျက်သိမ်း
Donate to DVB

စစ်တပ်ကိုထောက်ခံတဲ့ အနုပညာရှင်အသိုက်အဝန်းကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆန့်ကျင်သပိတ်မှောက်တဲ့လှုပ်ရှားမှု အောင်မြင်နေပြီး၊ နိုဝင်ဘာလအတွင်း လုပ်မယ့် ဖျော်ဖြေပွဲတချို့ ရပ်ဆိုင်းဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၂၂ ရက်မှာ ကျင်းပမယ့် Iron Cross ဖျော်ဖြေပွဲကိုလည်း ပြည်သူတွေ ဆန့်ကျင် သပိတ်မှောက်တာ အထိုက်အလျောက်အောင်မြင်တယ်လို့ ထိုင်းရောက်မြန်မာတွေဆီက သိရပါတယ်။ 

ဒါ့အပြင် ဘန်ကောက် Spicy Bar မှာ လုပ်မယ့် ဖျော်ဖြေပွဲအချို့ အပြီးတိုင် ဖျက်သိမ်းလိုက်သလို၊ Iron Cross ပွဲကို ကြော်ငြာခဲ့တဲ့ စားသောက်ဆိုင်တချို့ကလည်း ပြည်သူလူထုကို တရားဝင် တောင်းပန်လာတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဘန်ကောက်မှာနေထိုင်ပြီး Boycott လှုပ်ရှားမှုမှာ ပါဝင်နေသူတယောက်က “သေချာတာကတော့ ကျနော်တို့ ဘန်ကောက်မှာ Boycott က အရှိန်တခု ရသွားပြီဆိုတာ လက်ခံပါတယ်။ အခု IC Show ပွဲအပါအဝင် အခြားရှိုးပွဲတွေလည်း စီစဉ်ထားတာတွေ တော်တော်များများ အရှိန်နှေးသွားတာ၊ ရပ်တန့်သွားတာဖြစ်တဲ့အတွက် ဒါကိုတော့ ကျနော်တို့ ထိရောက်တယ်လို့ ပြောရမှာပေါ့။ ကျနော်တို့ ဘန်ကောက်က လုပ်ငန်းရှင်တွေ၊ Social Influencer တွေ အနေနဲ့လည်း BC ကြောင့် သူတို့ အကျိုးစီးပွား တစုံတရာ ပျက်စီးရာပျက်စီးကြောင်း ဖြစ်လာတဲ့ အတွက် သူတို့က မဖြစ်မနေ စိတ်ထဲကပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကြော်ငြာပေးရတာ မြင်တယ်။ တကယ်တမ်း BC ကို စိတ်ပါလက်ပါ လုပ်သလားဆိုရင် မလုပ်သေးတဲ့ လူတန်းစား တရပ်လည်း ရှိသေးတဲ့အတွက် ကျနော်တို့က ဝိုင်းဝန်းပြီးတော့ BC ကို ကောက်ရိုးမီး မဟုတ်ဘဲ ထိထိရောက်ရောက် လုပ်ဖို့တော့ မြင်ပါတယ်” လို့ ပြောပါတယ်။

သပိတ်မှောက်တဲ့အရှိန်ကြောင့် ထိုင်းနိုင်ငံမှာ နိုဝင်ဘာလထဲပြုလုပ်မယ့် ပွဲကြီးတွေ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သလို၊ Iron Cross ဖျော်ဖြေပွဲကိုလည်း လက်မှတ်ခ နှုန်းထားတွေ ဈေးလျှော့ရောင်းချတဲ့အထိ ဖြစ်လာတယ်လို့ ထိုင်းရောက် မြန်မာအသိုက်အဝန်းက ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Spicy Club မှာ ပြုလုပ်မယ့် အဆိုတော် ရွှေထူး၊ အုပ်စိုးခန့်၊ ချမ်းမြေ့မောင်ချိုတို့ ဖျော်ဖြေမယ့်ပွဲကိုလည်း ပြည်သူလူထုက မကြိုက်နှစ်သက်တာကြောင့် ပွဲစီစဉ်သူက အပြည့်အဝတာဝန်ယူ ဖျက်သိမ်းလိုက်ကြောင်း အောက်တိုဘာ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။ 

လက်ရှိအချိန်မှာလည်း မဟာချိုင်မှာ ပြသနေတဲ့ “ဗြောသံ” ရုပ်ရှင်ကားရဲ့ အဓိက သရုပ်ဆောင်ဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင် နေဝင်း ဖြစ်တာကြောင့် ထိထိရောက်ရောက် သပိတ်မှောက်ကြဖို့ကိုလည်း ထိုင်းရောက် မြန်မာ့အရေးလှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းလှုံ့ဆော်နေကြပါတယ်။

အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက  “နောက်နောင်လည်း တော်လှန်ရေးနဲ့မပတ်သက်တဲ့ အနုပညာရှင်တွေ၊ တော်လှန်ရေးကို ခေါင်းစဉ် မပါတဲ့လုပ်ငန်းတွေကို အခုလို Boycott လုပ်တဲ့ လုပ်ရပ်တွေက တော်တော်လေးကို အကျိုးရှိတယ်။ တော်လှန်ရေးမှာ အများကြီး အထောက်အပံ့ပေးတယ်။ အကျိုးလည်းရှိတယ်။ လှူဒါန်းမှ၊ တော်လှန်ရေးကို ထောက်ပံ့နေမှမဟုတ်ဘူး။ အခုလို လုပ်ရပ်မျိုးသာ အင်နဲ့အားနဲ့လုပ်ရင် ကျနော်တို့ တော်လှန်ရေးကမကြာဘူး။ ပြီးသွားမှာပေါ့နော်။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာပေါင်း ၆ သန်းလောက် ရှိတယ်။ ဒါက ခန့်မှန်းခြေအရပြောတယ်။ ဒီထက်မက နောက်ပိုင်းမှာ တော်လှန်ရေးမှာ ဝင်လာတာတွေ အများကြီးရှိသေးတယ်။ အဲဒီလူ ၆ သန်းကသာ ဒီလို ပုံမှန်လုပ်သွားရင် တော်လှန်ရေးက လှူစရာမလိုဘူး။ ဒီဟာသာ ဝိုင်းဝန်းပံ့ပိုးရင် ကျနော်တို့ တော်လှန်ရေးက အောင်မြင်သွားမှာ မကြာဘူး။ အဲဒါကြောင့် ဒီအရှိန်လေးတွေရှိတုန်း တော်လှန်ရေးနဲ့မပတ်သက်တဲ့ အနုပညာရှင်တွေ၊ ဆယ်လီတွေကို လုံးဝ အားမပေးဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းရောက်မြန်မာတွေအနေနဲ့ တော်လှန်ရေးနဲ့မပတ်သက်တဲ့ အနုပညာရှင်တွေကို ဆန့်ကျင်သပိတ်မှောက်တဲ့ Boycott လှုပ်ရှားမှုဟာ ဒီတကြိမ်မှာ အထိရောက်ဆုံးဖြစ်တယ်လို့ ပြောဆိုနေကြပြီး အဲဒီ ဇာတ်ကားအပါအဝင် စစ်တပ်ကို ထောက်ခံတဲ့ အနုပညာရှင်တွေ၊ စစ်တပ်နဲ့ စပ်ဆက်သူတွေကို Boycott လုပ်ကြဖို့ Fake News Check Community (Fncc) Burma အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013