
ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ပြီးနောက် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကိုသာမက ပြည်သူလူထုကိုပါ ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်တပ်က တိုးမြှင့်လာပြီး ဒါကိုရှုတ်ချကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ TNLA တို့နဲ့ အပစ်အခတ်ရပ်စဲရေးကို မရှေးမနှောင်း ပြုလုပ်နိုင်ခဲ့ပေမဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ လျော့သွားတာမျိုးမရှိဘဲ တနိုင်ငံလုံးအနှံ့အပြားမှာ အပြစ်မဲ့ အရပ်သားပြည်သူလူထုအပေါ် နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်က AA တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကိုသာမက ပြည်သူလူထုကိုပါ ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး အရှိန်မြှင့်လုပ်ဆောင်လာခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒီလို အရှိန်မြှင့်တိုက်ခိုက်ခဲ့တဲ့အတွက် အောက်တိုဘာ ၃၀ ရက်နေ့ တရက်တည်းမှာပဲ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့နဲ့ ကျောက်ဖြူ၊ ဇင်ချောင်းတိုက်နယ် ကုန်ဘွေရွာက အရပ်သားပြည်သူ ၈ ယောက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ယောက် ရှိခဲ့တယ်လို့လည်း AA က ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်မှာလည်း စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ဒဏ်ရာရရှိခဲ့သူတွေထဲက ၁၀ ယောက်ဟာ ပြင်းထန်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။










