DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ရွှေ့ပြောင်းလုပ်သားများကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေ
မြတ်သဇင်
·
October 20, 2026
Photo: ဖိုးစီ/DVB
Photo: ဖိုးစီ/DVB
Donate to DVB

လက်ရှိ အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံတဝန်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံး နေထိုင်တဲ့ မြို့တွေ၊ ခရိုင်တွေမှာ ထိုင်းအာဏာပိုင်တွေရဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။

ဒီလို ဖမ်းဆီးမှုတွေကြောင့် အထောက်အထား မပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေကြားထဲမှာ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေပါတယ်။

အောက်တိုဘာလ တတိယပတ်ကစလို့ တာ့ခ်ခရိုင် မဲဆောက်၊ ဖုတ်ဖရ၊ မဲလမတ် မြို့နယ်တွေ အပါအဝင် ထိုင်းနိုင်ငံရဲ့ ခရိုင် ၇၇ ခုက မြန်မာတွေ အများဆုံးနေတဲ့ မြို့တွေဖြစ်တဲ့ အယုဒ္ဓယ၊ ပထုန်ဌာနီ၊ ဟတ်ရိုင်၊ ဆုန်ခလာ စတဲ့ မြို့နယ် ၃၀ လောက်မှာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အောက်တိုဘာ ၁၇ ရက်က မဲဆောက်မြို့နယ်ထဲမှာ နေရာပေါင်း ၂၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပူးပေါင်းစီးနင်းခဲ့တာကြောင့် ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၂၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၉ ရက်ကလည်း မဲဆောက်မြို့ မာလွေအိမ်ရာကို အဖွဲ့စုံ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ မြန်မာ ၇ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အလားတူ ချင်းမိုင်မြို့မှာလည်း ဘန်ကောက်ကို အလုပ်သွားလုပ်မဲ့ မြန်မာလူငယ် ၂၇ ယောက် ချင်းမိုင်ဘူတာရုံမှာ အဖမ်းခံခဲ့ရပါတယ်။

ဒီလို ဆက်တိုက်စစ်ဆေး ဖမ်းဆီးမှုတွေကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်မသွားရဲကြတော့ဘဲ ဝင်ငွေထိခိုက်မှုတွေ ရှိနေသလို မဲဆောက်မှာဆိုရင် ကြောက်လန့်တကြား ထွက်ပြေးရင်း ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

မဲဆောက်မြို့နေ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်က “စိုးရိမ်တာပေါ့၊ စိုးရိမ်တာ အများကြီးပဲ။ အလုပ်က မသွားရတော့ ပိုက်ဆံမဝင်ဘူးပေါ့။ အဲဒါကတော့ ထိခိုက်တာပေါ့။ အကုန်လုံး ထိခိုက်တာပေါ့ အစစအရာရာ၊ ငွေရေးကြေးရေး၊ ဘယ်အချိန် လာဖမ်းမလဲ၊ ဘယ်အချိန်ဝင်မလဲ။ ကြောက်လန့်တကြား ထွက်ပြေးတဲ့ ကလေးတွေလည်း ရှိတယ်။ တိုက်ပေါ်က ခုန်ချတာ၊ မနေ့က ပုလင်းကွဲတွေ ရှတာ၊ ဒဏ်ရာရတယ် ကလေးတွေ၊ မသိလို့လေ၊ သူတို့က အဖွဲ့တွေက အများကြီး ဝင်လာတဲ့အခါကျတော့ အတွေ့အကြုံကမရှိဘူး ကလေးတွေက” လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးစစ်ဆေးနေတာဟာ အထောက်အထားမဲ့ လုပ်သားတွေကို အဓိက ပစ်မှတ်ထားတာထက် ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ခေါ်) ကျားဖြန့်လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် လက်နက်တွေကို အဓိကပစ်မှတ်ထား နှိမ်နင်းနေတာ ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက သုံးသပ်ပါတယ်။

“အဲဒီစီမံချက်ကတော့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ဖော်ထုတ်ဖို့ရယ်၊ မူးယစ်ဆေးဝါးနဲ့ လက်နက် ဆက်စပ်ပတ်သက်သူတွေကို ဖော်ထုတ်ဖို့ရယ်၊ အဲဒီရည်ရွယ်ချက်ပါ။ အဲဒီ အကြောင်းချက်ကြီး လေးခုထဲက တခုမဟုတ် တခုနဲ့ ငြိနွယ်ပတ်သက်နေတာတွေ တွေ့ရတဲ့အခါကျတော့ ကျွဲကူးရေပါဆိုသလို စစ်ဆေးရင်းကနေပြီးတော့ စာရွက်စာတမ်း အထောက်အထား မရှိတဲ့သူတွေကပါ အဖမ်းခံရတာပေါ့။”

ရာဇဝတ်မှုတွေနဲ့ မပတ်သက်ရင် ကြီးကြီးမားမား စိုးရိမ်စရာမရှိပေမဲ့ ဒီလို အဖွဲ့စုံ ဝင်ရောက်စစ်ဆေးတဲ့ စီမံချက်ကာလမှာ မြန်မာလုပ်သားတွေအနေနဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်ဖို့က အရေးကြီးတယ်လို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

အထူးသဖြင့် ထိုင်းလူမျိုးတွေရဲ့ အေးချမ်းစွာ နေထိုင်လိုတဲ့ ယဉ်ကျေးမှု သဘာဝကို နားလည်ပြီး ဆူဆူပူပူ မနေထိုင်ကြဖို့ ဦးမိုးကြိုးက အကြံပြုထားပါတယ်။

“ထိုင်းလူမျိုးတွေက အေးအေးဆေးဆေး နေတတ်တဲ့ သဘာဝ ရှိပါတယ်။ ကက်ဆက်သံတွေ၊ ဆောင်းဘောက်သံတွေ ကျယ်ကျယ်လောင်လောင်နဲ့ ကာရာအိုကေသီချင်းတွေ ဆိုနေတာ၊ အချင်းချင်းတွေ ခွန်းကြီးခွန်းငယ် စကားများကြဆိုတာတွေကို ထိုင်းလူမျိုးတွေ လုံးဝ လုံးဝ မနှစ်သက်တဲ့အပြင် ထိုင်းလူမျိုးတွေရဲ့ ပြဿနာဖြေရှင်းတဲ့ သဘာဝ၊ ပဋိပက္ခ ဖြေရှင်းတဲ့ သဘာဝကိုလည်း သိထားရပါမယ်။ ထိုင်းလူမျိုးတွေက တဦးနဲ့တဦး လျော်ကြေးပေး၊ နစ်နာကြေးပေးပြီးတော့ အေးအေးဆေးဆေး တိုးတိုးတိတ်တိတ်နဲ့ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းတတ်တဲ့ သဘာဝ ရှိပါတယ်။ အဲဒီလိုသဘာဝမျိုးကို ကိုယ်က သိထားပြီးတော့ သူတို့ တိုးတိုးကြိုက်ရင် အရင် ကျယ်လည်း အခု တိုးတိုးတိတ်တိတ် နေလိုက်ပါ။ ကိုယ့်ရပ်ကွက်၊ ကျေးရွာမှာ ရှိတဲ့ ထိုင်းနိုင်ငံသားတွေ၊ ထိုင်းကျေးရွာလူကြီး၊ ကျေးရွာအတွင်းရေးမှူးတွေနဲ့လည်း မျက်နှာ အလွမ်းသင့်အောင် လုပ်ထားပါ။ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးလေးစားစား လိုက်နာပြီးတော့ ဒီလို အကျပ်အတည်း မုန်တိုင်းတွေကြား ဖြတ်သန်းရင် မကြာခင် ပုံမှန်အတိုင်း ဖြစ်လာမဲ့ လေပြည်လေညင်းလေးတွေ ဆော်သွေးလာပါလိမ့်မယ်။”

ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အစစ်အဆေး အဖမ်းအဆီး များနေတဲ့ ဒီကာလမှာ အလွန်အကျွံ ထိတ်လန့်ကြောက်ရွံ့တာမျိုး မဖြစ်ဘဲ တရားမဝင် လုပ်ငန်းတွေနဲ့ ကင်းရှင်းအောင် နေထိုင်ဖို့ လိုအပ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာပြီး ထိုင်းလူမှု အဖွဲ့အစည်းကြား အပြန်အလှန် နားလည်လာအောင် ရင်းနှီးမှု တည်ဆောက်ထားကြဖို့လည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက တိုက်တွန်းထားကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013