DVB Logo
Home
မြန်မာသတင်း
TNLA နှင့် အပစ်ရပ်ပြီးနောက် မန္တလေးအထက်ပိုင်းကို စစ်တပ်က အပြင်းအထန် တိုက်ခိုက်လာ
DVB
·
November 1, 2025
TNLA နှင့် အပစ်ရပ်ပြီးနောက် မန္တလေးအထက်ပိုင်းကို စစ်တပ်က အပြင်းအထန် တိုက်ခိုက်လာ
Donate to DVB

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တွေ အပစ်စဲရပ်လိုက်ပြီးနောက် မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာနေသလို မြေပြင်ကနေလည်း အင်အားအလုံးအရင်း အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အပစ်ရပ်လိုက်တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး ၃၁ ရက်အထိ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တို့မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ နေ့စဉ်အပြင်းအထန်တိုက်ခိုက်နေပြီ မတ္တရာမြောက်ဘက်ခြမ်းနဲ့ အရှေ့မြောက်ခြမ်းက အမှတ် ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မြေပြင်ကနေလည်း အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ အမျိုးသမီးတယောက် သေဆုံးပြီး မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်း ဝန်တင်ကုန်းရွာမှာလည်း အမျိုးသမီးတယောက် သေဆုံးခဲ့ကာ အများအပြား ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့ရော ညပါ ဝေဟင် တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ခိုလှုံနေရတယ်လို့ စဉ့်ကူးမြို့က ဒေသခံတယောက်က ပြောပါတယ်။

“ပြီးခဲ့ ၂၈ ညပိုင်းမှာ စဉ့်ကူးမြို့က ဧရာဝတီ မြစ်ကူးတံတား ဖျက်ဆီးခံရပြီး နောက်နေ့ မနက် ၁၀ နာရီလောက်ကတည်းကစပြီး ဒီနေ့အထိ နေ့ရော ညပါ လေကြောင်းတိုက်ခိုက်နေတာ။ ဂျတ်ဖိုက်တာ တခါတက်ရင် လေးစီးလောက်ကို သုံးလာတာ။ အရင်ကဆို တစီးလောက်ပဲ လာတာပေါ့ အခုကို ပိုပြီးသုံးလာတယ်။ မတ္တရာမြို့ပေါ်နဲ့ ကျောင်းမြောင်းကနေလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ထုတယ်။ ဒရုန်းတွေနဲ့ ရွာတွေကို ဗုံးသီး လိုက်ချတယ်။ အဲလိုတွေကြောင့် ဒေသခံတွေက အန္တရာယ်ကို ကြည့်ရှောင် သတိထားနေရတာပေါ့။ တချို့ဆို တောထဲမှာ သွားအိပ်ကြတာမျိုးတွေ ရှိတယ်။ ညဘက် လူအိပ်ချိန်တွေလည်း လာကြဲတာဆိုတော့။”

မတ္တရာမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ ဒီရက်ပိုင်းအတွင်း ထိုးစစ်ကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာတွေမှာ ဖြစ်သလို ခိုလှုံနေရပြီး စစ်ဘေး ဒုက္ခသည်တွေအတွက် စားဝတ်နေရေး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက်မှာ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်လာတဲ့ တပြိုင်နက် မန္တလေး အထက်ပိုင်းမှာ ရှမ်း-မန်း စစ်ဆင်ရေးကိုပါ ဖော်ဆောင်ခဲ့ပြီး မိုးကုတ်၊ သပိတ်ကျင်း၊ တကောင်း၊ စဉ့်ကူးမြို့တွေနဲ့ မတ္တရာမြို့နယ်အတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပထမဆုံးအကြိမ် တရုတ်ခရီးစဉ်အပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ မန္တလေး အထက်ပိုင်းက စစ်ကောင်စီ လက်လွှတ်ခဲ့တဲ့ နယ်မြေတွေကို ပြန်ရဖို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းထန် ထိုးစစ်ဆင်နေခဲ့တာပါ။

လက်ရှိမှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ TNLA ကြား အပစ်ရပ်စဲလိုက်ရကာ မိုးမိတ်နဲ့ မိုးကုတ်မြို့ကနေ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာရဖို့ သတောတူလိုက်ပြီးနောက် မန္တလေး အထက်ပိုင်းကို စစ်ရေးအရ ပိုပြီး ဖိအားပေးလာတယ်လို့ မိုးကုတ် ပကဖ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

“တရုတ်ရဲ့ ဖိအားကြောင့်မို့ TNLA အပေါ်မှာ အပစ်ခတ် ရပ်စဲရေးလုပ်ပြီး မိုးကုတ်ကို ပေးလိုက်တဲ့ အနေထားမှာဆိုရင် မိုးကုတ်ရဲ့ အောက်မှာ ရှိနေတဲ့ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း တကျောကတော့ သေချာပါတယ်။ စစ်ကောင်စီရဲ့ အခုလိုမျိုး ဖိအားပေး ဆောင်ရွက်မှုတွေက ပိုပြီး တိုးလာနိုင်တယ်။” မိုးကုတ်နဲ့ စဉ့်ကူးကြားက အချက်အချာကျတဲ့ ဖော့တောလမ်းဆုံးကို ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယ အပတ်လောက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူထားပေမဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြန်လည် တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားတယ်လို့ မိုးကုတ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စဉ့်ကူးမြို့နဲ့ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခ ဧရာဝတီမြစ်ကူး တံတား ဖျက်ဆီးခံလိုက်ပြီး စဉ့်ကူး-မတ္တရာ သွားတဲ့လမ်းပေါ်က တံငါ တံတားတစင်းလည်း အောက်တိုဘာ ၃၀ ရက် မနေ့က ဖျက်ဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။

ရှမ်း-မန်း စစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးမြို့ အထက်ပိုင်းနဲ့ အောက်ပိုင်းက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ မြို့နယ်တွေ နယ်မြေတွေ လက်လွှတ်ခဲ့ရတာဟာ စစ်ကောင်စီတပ်ကို စစ်ရေးအရ ခြမ်းခြောက်နိုင်ခဲ့သလို ဂုဏ်သိက္ခာအရပါ အများကြီး အထိနာခဲ့ပါတယ်။

ဒါကြောင့် နယ်မြေတွေ ပြန်စိုးမိုးနိုင်ဖို့ မန္တလေး အောက်ပိုင်းမှာ သီသာယုမွန် ဦးဆောင်တဲ့ ပျူစောထီးနဲ့ စစ်တပ် ပူးပေါင်းအဖွဲ့က လနဲ့ချီကြာ စစ်ကြောင်းထိုးနေပြီ အထက်ပိုင်းကိုတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013