
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို ဧပြီ ၂၃ ရက် နေ့လယ် ၃ နာရီကျော်က စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာ မရှိပေမဲ့ ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ငပလီဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“လက်ရှိ သိရတာကတော့ လူအထိအခိုက်မရှိဘူး။ ငပလီလမ်းဆုံက မီးပွိုင့်ကိုထိတယ်။ ဇီးဖြူကုန်းရွာဘက် ဝန်းကျင်ကိုလည်း ထိတယ်။”
စစ်တပ်က အခုနောက်ပိုင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဂျက်တိုက်လေယာဉ် အနည်းဆုံး ၃ စင်းကနေ ၅ စင်းအထိ သုံးကာ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ အရင်ကထက် စိုးရိမ်မှု မြင့်တက်နေတယ်လို့ ငပလီဒေသခံ လူမှုရေးကူညီနေသူ တယောက်က ပြောပါတယ်။
“စစ်ကောင်စီက အရင်လို တစီးတည်းမဟုတ်ဘူး၊ အခုနောက်ပိုင်း ၃ စင်းကနေ ၅ စင်းထိ သုံးပြီး AA ထိန်းချုပ်တဲ့ ဒေသတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ။ အဓိနာတာက ပြည်သူတွေ။ တရွာကနေတရွာ ပြေးနေရတယ်၊ ဘယ်နေရာမှ လုံခြုံတယ်လို့ မရှိဘူး။”
အလားတူ မာန်အောင်နဲ့ ကျောက်နီမော်ကြား ပင်လယ်ပြင်ရှိ စစ်ရေးလှုပ်ရှားနေတဲ့ ရေတပ်က တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့နယ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ကမ်းနီးဒေသခံတွေ ကြောက်လန့်စိုးရိမ်ပြီး တချို့ စစ်ရှောင်ထွက်ခွာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မြေပြင်မှာ အထိနာနေတဲ့ စစ်တပ်ဟာ AA ကို စစ်ရေးအရ ရှုံးနိမ့်နေတာကြောင့် ဒေသခံပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွက် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အရင်ကထက် သတိထားဖို့ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။











