
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်း၊ ဝန်တင်ကုန်းရွာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီကျော်မှာ စစ်တပ်က ဗုံးကြဲတာကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ကြဲချတာက ပေါင် ၅၀၀ ဗုံး တလုံးတည်း ကြဲချသွားတာပါ။ အဲလိုကြဲချလို့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာက ၅ ယောက်ပါ။ ဒဏ်ရာရထဲက တယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က ဗုံးကြဲချလို့ စာသင်ကျောင်း အပါအဝင် လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက “စစ်တပ်က ကျနော်တို့ မတ္တရာမြို့နယ်အတွင်းကို အပြင်းအထန် စစ်ကြောင်းထိုးတာတွေ လုပ်နေတာဗျ။ စစ်ကြောင်းထိုးတဲ့နေရာမှာ လက်နက်ကြီးတွေနဲ့ပစ်ပြီး လေယာဉ်နဲ့ ဗုံးကြဲတယ်။ အဲလို ဗုံးကြဲပြီး ဒရုန်းယာဉ်နဲ့ပါ ဗုံးသီးတွေ ကြဲချတယ်။ မနေ့ညကလည်း လေကြောင်းကနေ တိုက်တာတွေရှိသလို ဒီနေ့ အောက်တိုဘာ ၃၁ ရက် မနက်ခင်း ၉ နာရီနီးပါးကလည်း တံတားဦးတက် ဂျက်ဖိုက်တာ ၂ စီး အသုံးပြုပြီး မြောက်တံငါရွာဘက်ကို ဗုံးကြဲပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့သေးတယ်။ ဒရုန်းယာဉ် ၃ စီးနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခဲ့သေးတယ်ဗျ။ အဲနေရာက ဒေသခံတွေက စစ်ဘေးရှောင်နေလို့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
မတ္တရာမြို့နယ် မြောက်ခြမ်း မြောက်တံငါရွာဝန်းကျင်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။










