
မိုးဗြဲမြို့အနောက်ဘက်ခြမ်း သုံးထပ်ကွေ့ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးလာကြဲတဲ့အတွက် အသက် ၂၈ နှစ်အရွယ် အမျိုးသားတယောက် ဘယ်ဘက်ခြေထောက် ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ Mobye people defense force (Local PDF) က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒရုန်းနဲ့ ဗုံးလာကြဲတဲ့အချိန် လမ်းဖြတ်သွားလာနေတဲ့ အရပ်သားကို ထိမှန်ခဲ့တာဖြစ်ပြီး လက်ရှိ မိုးဗြဲမြို့ထဲက စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေဟာ မြို့ပြင်ထွက်နိုင်ဖို့အတွက် ဘေးပတ်ဝန်းကျင်ကရွာတွေကို လက်နက်ကြီး၊ ဒရုန်း နဲ့ ပိုမိုပစ်ခတ်တိုက်ခိုက်လာတယ်လို့ မိုးဗြဲဒေသခံတွေက ဆိုပါတယ်။
မိုးဗြဲမြို့ဟာ ၁၁၁၁ စစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ ကတော့ ကျန်နေခဲ့ပါတယ်။
၂၀၂၄ မေလနောက်ပိုင်းမှာ စစ်ကောင်စီ နဲ့ PNO ပူးပေါင်းတပ်တွေဟာ ပင်လောင်းမြို့ဘက်ကနေ မိုးဗြဲကိုပြန်ရဖို့ စစ်ကြောင်းထိုးလာခဲ့ပြီး ၂၀၂၅ ခု ဇွန်လမှာ ပြန်ရသွားပါတယ်။










