DVB Logo
Home
မြန်မာသတင်း
တောင်ကြီး မီးပုံပျံပွဲ၌ ခါးပိုက်နှိုက်မှု များပြား၊ ကားရပ်ခ ကျပ် ၈၀,၀၀၀ ပေးရ
DVB
·
October 31, 2025
တောင်ကြီး မီးပုံပျံပွဲ၌ ခါးပိုက်နှိုက်မှု များပြား၊ ကားရပ်ခ ကျပ် ၈၀,၀၀၀ ပေးရ
Donate to DVB

တောင်ကြီးမီးပုံးပျံပွဲမှာ ခါးပိုက်နှိုက်မှုတွေ များနေသလို ကားရပ်ခကလည်း တစီးကို ကျပ် ၈၀,၀၀၀ ဝန်းကျင် ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲကို အောက်တိုဘာ ၂၉ ရက်ကစပြီး အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပနေပါတယ်။

ပွဲမတိုင်ခင်တည်းက ဟိုတယ်ဘိုကင်တွေ ပြည့်နေသလို ဟိုတယ်ဘိုကင် အလိမ်ခံကြရတာတွေလည်း ရှိတယ်လို့ ပွဲသွားကြသူတွေက ပြောပါတယ်။

မီးပုံးပျံကွင်းထဲကို ဝင်ရင် X Ray စက်နဲ့ စစ်ပြီးမှသာ ဝင်ခွင့်ရပါတယ်။ ဒါပေမဲ့ မီးပုံးပျံကွင်းထဲမှာ ဖုန်း၊ ပိုက်ဆံအိတ် ခါးပိုက်နှိုက်တာတွေ ကြုံကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့ထဲမှာလည်း လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေ ဖမ်းဆီးမှုတွေရှိပြီး တချို့နေရာတွေမှာတော့ ရဲနဲ့ စစ်သားအယောင်ဆောင်ကာ ငွေညှစ်မှုတွေလည်း ကြုံကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်ကြီးဒေသခံတယောက်က “မနေ့ကဆိုရင်တော့ လူတအားများတယ်၊ ကြိတ်ကြိတ်တိုးတယ်၊ ဖုန်းနှိုက်တာတွေ၊ ပိုက်ဆံနှိုက်တာတွေ အဲလိုမျိုးတွေလည်း တော်တော်ဖြစ်တယ်။ X Ray နဲ့ ဖြတ်ပြီးတော့မှ ပွဲခင်းထဲကို ဝင်တဲ့ဟာမျိုး ရှိတယ်။ အဲ့နေ့မှာလည်း သူတို့ အဲလိုမျိုး X Ray ကို ဖြတ်ဖို့အတွက် သူတို့လုပ်တယ်။ ဒါပေမဲ့ လူက အရမ်းများတဲ့အခါကျတော့ အဲဒီ X Ray လည်း မနိုင်တော့ဘူးပေါ့နော်။ အဲတော့ အကုန်လုံး ဝင်ကုန်ကြတယ်ပေါ့နော်။ တောင်ကြီးသားတွေက နယ်ခံတွေဆိုတော့ မလည်ကြဘူးပေါ့နော်။ ရွာဘက်ကလူတွေလည်း လာတော့လာကြတယ်၊ တနိုင်ငံလုံးက လူတွေက ပွဲငတ်နေတာဆိုတော့ ဒီတန်ဆောင်တိုင်ပွဲကို လာကြတယ်ပေါ့နော်” လို့ ပြောပါတယ်။

မီးပုံးပျံပွဲ မတိုင်ခင် အောက်တိုဘာ ၂၇ ရက်ကလည်း မီးပုံးပျံပေါက်ကွဲပြီး အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။

မြို့ထဲမှာနေထိုင်တဲ့ လူငယ်တချို့လည်း ဖမ်းဆီးခံကြရပြီး ငွေနဲ့ပြန်ရွေးမှ ပြန်လွှတ်ပေးတဲ့ အခြေအနေတွေလည်း ကြုံနေကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ကားတစီးကို ရပ်နားခ ငွေကျပ် ၅၀,၀၀၀ ကနေ ၈၀,၀၀၀ အကြား ပေးရပြီး မော်တော်ဆိုင်ကယ် ရပ်ခတွေလည်း ဆိုင်ကယ်တစီးကို ငွေကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ဝန်းကျင် ပေးကြရတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။

တောင်ကြီးဒေသခံက “ဖွင့်ပွဲကတော့ တော်တော်စည်တယ်။ ဖွင့်ပွဲ လပြည့်နေ့ဆို လူလာတဲ့နေ့ပေါ့။ တချို့ရက်တွေကတော့ ပုံမှန်ပါပဲ။ တချို့ကတော့ ၈၀,၀၀၀ တဲ့၊ နေရာအမျိုးမျိုးတွေ၊ တချို့ကတော့ ၃၀,၀၀၀ ပေးရတဲ့လူတွေရှိတယ်။ အနိမ့်ဆုံးက ၃၀,၀၀၀၊ လိုင်စင်ကားတွေကတော့ ကွင်းထဲမှာ အပ်လို့ရတယ်။ လိုင်စင်မဟုတ် ဘာညာတွေဆိုရင် တောင်ကြီးတက္ကသိုလ်ရဲ့ အပြင်ဘက်မှာလည်း ကားအပ်တဲ့နေရာရှိတယ်ပေါ့၊ အဲ့မှာ အပ်ကြတယ်” လို့ ပြောပါတယ်။

မီးပုံးပျံကွင်းအနီးမှာ အိမ်သာ အသုံးပြုခဟာလည်း လူတယောက်ကို ၁,၀၀၀ ကနေ ကျပ် ၁,၅၀၀ အထိ ပေးရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

‌တောင်ကြီးမီးပုံးပျံပွဲကို ၁၉၇၁ ခုနှစ်က စပြီး နှစ်စဉ် တန်ဆောင်မုန်းလတိုင်း ကျင်းပခဲ့ရာက ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကမှ ပြန်လည်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013