
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီလောက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာသား ၅ ယောက် သေဆုံးပြီး နောက်ထပ် ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံက ပါတယ်။
ဇင်ချောင်းကုန်ဘွေရွာကို မနေ့ ညနေပိုင်း ၄ နာရီကျော်လောက်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ ရွာသား ၅ ယောက် သေဆုံးသွားတာလို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သေဆုံးတဲ့အထဲမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးပါတယ်။ နောက်ထပ် ၁၀ ဦးနီးပါးလည်း ထိခိုက်မှုရှိကြတယ်။ ၃ ဦးက ဒဏ်ရာပြင်းထန်တာ ရှိတယ်။ ကျန်တဲ့သူတွေကတော့ အသေးစားတွေပဲ။”
လက်ရှိမှာ ဒဏ်ရာရရှိသူတွေ ဆေးကုသမှု ခံယူနေကြရပြီး အဲဒီတိုက်ခိုက်မှုကြောင့် ဇင်ချောင်းကုန်ဘွေ ကျေးရွာမှာ နေအိမ် ၆ လုံးထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်တန့်နိုင်လိုက်တာကြောင့် ရခိုင်စစ်မျက်နှာကို ဖိအားပေး တိုက်ခိုက်လာနိုင်တယ်လို့ ရခိုင်စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက ရှမ်းမြောက်မှာ တိုက်ပွဲတွေ အလုံးစုံ ရပ်တန့်နိုင်လိုက်တာကြောင့် ရခိုင်ဘက်ကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်လာနိုင်တယ်။ အခုလည်း နေ့စဥ်ရက်ဆက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်။ ဆိုတော့ ရခိုင်ပြည်သူတွေအနေနဲ့ စစ်ရေးသတိအပြည့်နဲ့ နေထိုင်ကြဖို့ အရေးကြီးလာပြီ။”
အောက်တိုဘာ ၃၀ တရက်တည်းမှာ စစ်တပ်က ရခိုင်က ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရသေတောင်မြို့နယ် ၃ ခုကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၈ ယောက် သေဆုံးကာ ၁၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ ပါတယ်။
စစ်တပ် ရခိုင်ပြည်နယ်က မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်လာနေတာကြောင့် စစ်ရေးသတိ အမြဲရှိကြဖို့ အာရက္ခတပ်တော် (AA) က တိုက်တွန်းထားပါတယ်။










