
သက်ငယ်မုဒိမ်းနဲ့ လိင်ကုန်ကူးမှု ကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပတ်သက်နေတဲ့အတွက် ပြင်းပြင်းထန်ထန် စိစစ်ဝေဖန်မှုတွေ ခံနေရတဲ့ ဗြိတိန် ချားလ်စ်ဘုရင်ရဲ့ ညီတော် မင်းသားကြီး အင်ဒရူးကို ‘တော်ဝင်မင်းသား’ ဘွဲ့ အဆောင်အယောင် ရုပ်သိမ်းပြီး သူ့ရဲ့ ဝင်ဆာအိမ်တော်ကနေ နှင်ထုတ်လိုက်ပါတယ်။
ဘုရင့်ညီတော်ကို အခုချိန်ကစလို့ အင်ဒရူးမောင့်ဘက်တန် ဝင်ဆာဆိုတဲ့ အရပ်သားအမည်နဲ့သာ ခေါ်ဝေါ်ရမှာဖြစ်ကြောင်း ဘက်ကင်ဟန်နန်းတော်က အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အခုလအစောပိုင်းကတည်းက အင်ဒရူးဟာ ယော့ခ်နယ်စားဘွဲ့ အပါအဝင် တခြား တော်ဝင်ရာထူးတွေကို စွန့်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။
ဗာဂျီးနီးယားဂျူးဖရီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီးမှ ထုတ်ဝေတဲ့ ဘဝမှတ်တမ်းစာအုပ်မှာ သူဟာ ဆယ်ကျော်သက်အရွယ်မှာ အင်ဒရူးနဲ့ သုံးကြိမ်တိတိ လိင်ဆက်ဆံခဲ့တယ်လို့ ရေးသားထားပါတယ်။ အင်ဒရူးဘက်ကတော့ ဒီစွပ်စွဲချက်တွေကို အမြဲငြင်းဆိုထားပါတယ်။
နန်းတော်ရဲ့ ထုတ်ပြန်ချက်အရ အခုအခါ အင်ဒရူးဟာ ရွိုင်ယယ်လော့ခ်ျ အိမ်တော်ရဲ့ ငှားရမ်းခွင့်ကို လက်လွှတ်ရမှာဖြစ်ပြီး ဘုရင်ချားလ်စ်က ကိုယ်ပိုင်ငွေကြေးနဲ့ စီစဉ်ပေးတဲ့ ဆန်ဒရင်ဂမ် အိမ်ခြံမြေဝင်းထဲက သီးသန့်နေရာတခုကို ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။
သူ့ရဲ့ဇနီးဟောင်း ဆာရာဖာဂူဆန်လည်း ရွိုင်ယယ်လော့ခ်ျကနေ ပြောင်းရွှေ့ရမှာဖြစ်ပြီး သူ့ရဲ့နေထိုင်ရေးကို ကိုယ်တိုင်စီစဉ်ရမှာဖြစ်ကြောင်း သိရပါတယ်။
အင်ဒရူးရဲ့ သမီးတော် ၂ ယောက်ဖြစ်တဲ့ ယူဂျီးနီးနဲ့ ဘီယာထရစ် တို့ကတော့ မင်းသမီးဘွဲ့တွေကို ဆက်လက်ရရှိမှာဖြစ်ပြီး အင်ဒရူး ကိုယ်တိုင်လည်း ထီးနန်းဆက်ခံခွင့် အဆင့် ၈ မှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ အင်ဒရူးဘက်က စွပ်စွဲချက်တွေကို ဆက်လက်ငြင်းဆိုနေပေမဲ့ ဒီအရေးယူမှုတွေဟာ လိုအပ်လို့ လုပ်ဆောင်ရတာဖြစ်ကြောင်း ဖော်ပြထားပြီး နစ်နာသူတွေကို ရပ်တည်ကြောင်းလည်း ထည့်သွင်း ပြောပါတယ်။
Source: Reuters











