
မြန်မာနိုင်ငံကို ခဏပြန်လာစဉ် စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ရွှေဝါရောင်ဆရာတော် နတ်ဇောလို့ လူသိများတဲ့ ဆရာတော် ဦးပညာဇောတကို အောက်တိုဘာ ၃၀ ရက်မှာ စစ်ကောင်စီက အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဆရာတော် ဦးပညာဇောတဟာ အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မင်္ဂလာဒုံမြို့နယ်အတွင်းက သိမ်ကျောင်းတခုရဲ့ ပန္နက်တင် မင်္ဂလာပွဲအခမ်းအနားအတွက် မြန်မာနိုင်ငံကို ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရတာပါ။
ဆရာတော်ကို စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁)၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေဖြစ်တဲ့ ၅၀ (ည) နဲ့ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့ပြီး အင်းစိန်ထောင်မှာ တနှစ်နီးပါး ထိန်းသိမ်းထားခဲ့တာပါ။
ဆရာတော်နဲ့ နီးစပ်သူတယောက်က “အမေရိကန်နိုင်ငံသားဖြစ်လို့ ပြန်လွှတ်တဲ့သဘောပါ။ ဒီနေ့ချက်ချင်း ပြန်ကြွပါတယ်” လို့ ဆိုပါတယ်။
ဆရာတော် ဦးပညာဇောတဟာ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်တွေထဲမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်တပါးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့က မေတ္တာပါရမီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်လည်း ဖြစ်ပါတယ်။
ဆရာတော်ကို ဘယ်လိုပုံစံနဲ့ ပြန်လွှတ်တာ မသိရပေမဲ့ အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ အင်းစိန်အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဆရာတော်ကို နေ့ချင်း ပြည်နှင်ဒဏ်ပေးခဲ့တဲ့အတွက် ဘန်ကောက်ကို ပြန်သွားပြီး အဲဒီကတဆင့် ဒူဘိုင်း၊ နောက် ဒူဘိုင်းကနေ အမေရိကန်ပြည်ထောင်စုကို ပြန်မှာဖြစ်ပြီး အောက်တိုဘာ ၃၁ ရက် ညပိုင်းမှာ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့က မေတ္တာပါရမီကျောင်းကို ပြန်ရောက်မယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဆရာတော်ရဲ့ အပြန်ခရီးကို အမေရိကန်သံရုံးက တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့က တပည့်ဒါယကာတွေ ရန်ကုန်လေဆိပ်ကို လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။











