DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးဆက်လက်ကြိုးပမ်းဖြေရှင်းရန် အာဆီယံ ဥက္ကဋ္ဌသစ်ဖြစ်လာမည့် ဖိလစ်ပိုင် ကတိပြု
DVB
·
October 30, 2025
မြန်မာ့အရေးဆက်လက်ကြိုးပမ်းဖြေရှင်းရန် အာဆီယံ ဥက္ကဋ္ဌသစ်ဖြစ်လာမည့် ဖိလစ်ပိုင် ကတိပြု
Donate to DVB

မြန်မာ့အရေးကို အာဆီယံရဲ့ မကျက်သေးတဲ့ဒဏ်ရာလို့ ဖိလစ်ပိုင်သမ္မတကသုံးနှုန်း ခေါ်ဝေါ်လိုက်ပြီး သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်လို့ ကတိပြုပြောလိုက်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံမှာ ကာလကြာရှည်စွာဖြစ်ပွားနေတဲ့ ပဋိပက္ခအကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တရပ်ရဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။ 

အောက်တိုဘာ ၂၈ ရက်က ပြီးဆုံးသွားတဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေတက်ရောက်ဖို့ ကွာလာလမ်ပူမြို့မှာ ရောက်ရှိနေစဉ်အတွင်း ဖိလစ်ပိုင်သမ္မတက မလေးရှားအမျိုးသားသတင်းဌာန Bernama နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့တာပါ။

သမ္မတမားကို့စ် ဂျူနီယာက မြန်မာ့အရေးကို "အာဆီယံရဲ့ မကျက်သေးတဲ့ဒဏ်ရာ" လို့ ဖော်ပြခဲ့ပြီး ဒီကိစ္စကို အာဆီယံအနေနဲ့အနီးကပ် ဆက်လက်အာရုံစိုက်ရမယ်လို့ အလေးပေးပြောကြား ခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတက “ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို ခံစားဖြတ်သန်းနေရတာကို ကြည့်ရတာ နာကျင်စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံပြီး ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေဖို့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားရပါမယ်။ ဒါက ကျနော်တို့ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာပါ” လို့ ပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးမှာ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ရှိပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို လမ်းညွှန်မှုပေးပြီး ထိတွေ့ဆက်ဆံနေဖို့က အရေးကြီးတယ်လို့ မားကို့စ် ဂျူနီယာက ထပ်လောင်းပြောပါတယ်။

လာမယ့်နှစ် ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ သူက အကောင်းမြင်စိတ်နဲ့ မျှော်လင့်ကြောင်း ဖြေကြားခဲ့ပါတယ်။

အက္ခရာစဉ်အရ မလေးရှားနိုင်ငံပြီးရင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ပဋိပက္ခတွေဖြစ်ပွားနေတာကြောင့် အလှည့်ကျော်ပြီး  ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။ 

Source:  Bernama

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013