DVB Logo
Home
နိုင်ငံတကာ
အမေရိကန်-တရုတ် သဘောတူညီချက်ကြောင့် အာရှစတော့ဈေးကွက် အတက်အကျကြမ်း
DVB
·
October 30, 2025
အမေရိကန်-တရုတ် သဘောတူညီချက်ကြောင့် အာရှစတော့ဈေးကွက် အတက်အကျကြမ်း
Donate to DVB

အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက်နဲ့ ဂျပန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း ဆုံးဖြတ်ချက်တွေကြောင့် အာရှစတော့ဈေးကွက်တွေ အတက်အကျ ကြမ်းနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား သဘောတူညီချက်တရပ် ရရှိခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်မှာ အာရှစတော့ဈေးကွက်တွေဟာ အတက်အကျ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းကို ဆက်လက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တာကလည်း ဈေးကွက်အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ သဘောတူညီချက်အရ အမေရိကန်က တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်လျှော့ချပေးမှာဖြစ်ပြီး တရုတ်နိုင်ငံကလည်း အမေရိကန် ပဲပုပ်တွေ ပြန်လည်ဝယ်ယူဖို့နဲ့ မြေရှားသတ္တု တင်ပို့မှုကို ဆက်လက်ခွင့်ပြုဖို့ သဘောတူခဲ့ကြပါတယ်။

သဘောတူညီချက်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ဆိုင်းနေကြတာကြောင့် ဈေးကွက်ရဲ့ ကနဦးတုံ့ပြန်မှုဟာ မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးပါဘူး။

ဂျပန်နိုင်ငံပြင်ပ အာရှ-ပစိဖိတ်ဒေသရဲ့ အကျယ်ပြန့်ဆုံး MSCI အညွှန်းကိန်းဟာ အစောပိုင်းမှာ ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ၀ ဒသမ ၅ ရာခိုင်နှုန်း ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။

“ဈေးကွက်ထဲမှာ ဒီသတင်းတွေက ကြိုတင်ပေါက်ဈေးရှိပြီးသား ပုံစံမျိုး ဖြစ်နေတယ်” လို့ မဲလ်ဘုန်းမြို့အခြေစိုက် Capital.com ရဲ့ အကြီးတန်းဈေးကွက်လေ့လာသုံးသပ်သူ ကိုင်လီ ရော့ဒါက ပြောပါတယ်။

ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းကို မပြောင်းလဲဘဲ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဂျပန်ရဲ့ Nikkei 225 အညွှန်းကိန်းဟာ ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် အစောပိုင်းမှာ မြင့်တက်နေခဲ့တဲ့ ဂျပန်ယန်းငွေတန်ဖိုးဟာလည်း ပြန်လည်တည်ငြိမ်သွားခဲ့ပါတယ်။

ဘဏ်ရဲ့ ဆုံးဖြတ်ချက်ဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခဲ့ပေမဲ့ စီးပွားရေးအခြေအနေတွေက ခန့်မှန်းချက်တွေနဲ့ ကိုက်ညီလာရင် ချေးငွေကုန်ကျစရိတ်တွေကို ဆက်လက်တိုးမြှင့်သွားမယ်ဆိုတဲ့ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဟောင်ကောင်အခြေစိုက် HSBC ရဲ့ အာရှဆိုင်ရာ အဓိကစီးပွားရေးပညာရှင် ဖရက် နူမန်က ဂျပန်ဗဟိုဘဏ်ဟာ အတိုးနှုန်းမြှင့်တင်ဖို့ ခြေလှမ်းပြင်နေတယ်လို့ သုံးသပ်ပါတယ်။

တခြားဈေးကွက်တွေမှာတော့ အမေရိကန် Federal Reserve က အတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်း ဖြတ်ချခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ KOSPI အညွှန်းကိန်းကလည်း အမေရိကန်သမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့ ကုန်သွယ်ရေးသဘောတူညီချက် အပြီးသတ်ခဲ့ပြီးနောက် အစောပိုင်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာကနေ နောက်ပိုင်းမှာ သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

စွမ်းအင်ဈေးကွက်မှာတော့ Brent ရေနံစိမ်းဈေးနှုန်းဟာ တစည်ကို ၆၄ ဒသမ ၅၉ ဒေါ်လာနဲ့ သုည ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013