
နှစ်စဉ် ဆောင်းဦးရာသီမှာ အာဖရိကတိုက်ဆီ ရွှေ့ပြောင်းနေထိုင်တဲ့ ငှက်ကြီးဝန်ပိုတွေဟာ အစ္စရေးနိုင်ငံက မြေထဲပင်လယ် ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ သမဝါယမ လယ်ယာလုပ်ငန်းရှိရာ မစ်ရှ်မာ ဟာရှာရွန်မှာ ရပ်နားလေ့ရှိပါတယ်။
ခုတော့ အဲဒီနေရာမှာ လူသားတွေစားသုံးဖို့ မသင့်တော်ဘူးလို့ ယူဆရတဲ့ စီးပွားဖြစ်ငါးတွေ တန်ချိန်များစွာကို ကျွေးမွေးလေ့ရှိပါတယ်။
နိုင်ငံရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနက ရေလှောင်ကန်ထဲမှာရှိတဲ့ ငှက်ကြီးဝန်ပိုတွေကို နှစ်ပေါင်းများစွာ အစာကျွေးမွေးခဲ့ပြီး ငှက်တွေရဲ့ အစာစားချင်စိတ်ကြောင့် ငါးရှားပါးမှုနဲ့ ရုန်းကန်နေရတဲ့ နိုင်ငံရဲ့ ငါးလုပ်ငန်းကို သက်သာစေခဲ့ပါတယ်။
ငါးတွေကို ကုန်ကားတွေနဲ့ တင်လာပြီး ရေကန်ထဲ ပစ်ချပေးလို့ တောင်ဘက်ဆီ ခရီးမထွက်မီ ငှက်တွေကို ဆွဲဆောင်နေတဲ့အတွက် ဆူညံ စည်ကားနေပါတယ်။
တိုက်ကျော် ဖြတ်သန်းရင်း ပျံသန်းတဲ့ ရာသီတိုင်းမှာ ငှက်သန်းပေါင်းများစွာဟာ ပင်လယ်ပြင်ကိုဖြတ်ပြီး ပျံသန်းမယ့်အစား အစ္စရေးရဲ့ ဘေးကင်းတဲ့ ကုန်းလမ်းကို ရွေးချယ်ကြပါတယ်။
နွေဦးရာသီမှာတော့ မြောက်ဘက်ကနေ ဥရောပနဲ့ အာရှတို့ဆီ ဖြတ်သန်းပြီး နှစ်ကုန်ပိုင်းမှာတော့ အာဖရိကဆီ ပြန်သွားကြလေ့ ရှိပါတယ်။
Source: Reuters











