
အမေရိကန် အမျိုးသားအာကာသသိပ္ပံ (NASA) ရဲ့ X-59 supersonic ဂျက်လေယာဉ်ဟာ အောက်တိုဘာ ၂၈ ရက်မှာ နိုင်ငံတောင်ပိုင်း ကယ်လီဖိုးနီးယား သဲကန္တာရပေါ်ကနေ ဆူညံသံအားလုံးမပါဘဲ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့ပါတယ်။
အသံအတားအဆီးကို ဖောက်ထွက်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ စမ်းသပ်လေယာဉ်ဟာ နှာခေါင်းကနေ အမြီးအထိ ပေ ၁၀၀ (မီတာ ၃၀) အောက်သာရှိတာပါ။
နေထွက်ပြီး တနာရီလောက်အကြာမှာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ လော့ခ်ဟိဒ်မာတင်စကန့်ဝါ့ခ်စ် စက်ရုံရဲ့ အမှတ် ၄၂ စက်ရုံမှာရှိတဲ့ လေယာဉ်ပြေးလမ်းကနေ ထွက်ခွာသွားခဲ့ပါတယ်။
လေယာဉ်ပြေးလမ်းရဲ့ အရှေ့ဘက်က မြက်ခင်းပြင်တွေပေါ်ကနေ မတ်စောက်တဲ့ လမ်းကြောင်းအတိုင်း မြောက်ဘက်ကို ယိမ်းထိုးနေတာကို မြင်တွေ့ရပြီး ဆင်းသက်ဖို့ မျှော်လင့်ထားတဲ့ ၁၂ မိုင်လောက်အကွာက အဒ်ဝါ့ဒ်စ် လေတပ်စခန်းဆီကို ဦးတည်နေပါတယ်။
NASA ရဲ့ မှတ်တမ်းတင် လေ့လာရေးလေယာဉ်လည်း သူနဲ့အတူ လိုက်ပါပျံသန်းခဲ့ပါတယ်။ အင်ဂျင်တလုံးတပ် X-59 ဟာ သူ့ရဲ့ ကနဦး စမ်းသပ်ပျံသန်းမှုအတွက် မျှော်လင့်ထားတဲ့အတိုင်း subsonic အမြန်နှုန်းနဲ့ ပျံသန်းနေပုံ ရပါတယ်။
X-59 လေယာဉ်ဟာ ပထမဆုံးပျံသန်းမှုကို အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပြီး သိသာထင်ရှားတဲ့ လေကြောင်းမှတ်တိုင်ဖြစ်တယ်လို့ လော့ခ်ဟိဒ်မာတင်ရဲ့ ပြောခွင့်ရ ကန်ဒစ်ရောက်ဇယ်က အီးမေးလ်ပေးပို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ကုမ္ပဏီက အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းမှာ ပေးမယ်လို့လည်း သူက ဆက်ပြောပါတယ်။
တမူထူးခြားတဲ့ စမ်းသပ်လေယာဉ်ဖြစ်တဲ့ X-59 ကို ပေ ၅၅,၀၀၀ အမြင့်မှာ တနာရီ ၉၂၅ မိုင်နှုန်းနဲ့ ပျံသန်းနိုင်ဖို့ တည်ဆောက်ထားပြီး ဒါဟာ ပုံမှန်လေယာဉ်တွေ ပျံသန်းမှုထက် ၂ ဆကျော်ပို မြင့်မားပြီး ၆၀ ရာခိုင်နှုန်းလောက် ပိုမြန်တဲ့ စွမ်းရည် ဖြစ်ပါတယ်။
လေယာဉ်တစင်းက အသံထက်ပိုမြန်တဲ့အဆင့်ကို ဖြတ်ကျော်တဲ့အခါ ပုံမှန်အားဖြင့် ထွက်လာတဲ့ ပေါက်ကွဲသံလို အသံလှိုင်းတွေကို သိသိသာသာ လျှော့ချဖို့ လေယာဉ်ရဲ့ ထူးခြားတဲ့ပုံသဏ္ဌာန်ကို ဒီဇိုင်းထုတ်ထားပါတယ်။
ဒါကြောင့် လေယာဉ်ရဲ့ အသံဟာ ကားတံခါးကို ဆောင့်ပိတ်တာထက် မကျယ်လောင်တဲ့ "အသံလှိုင်းတုန်ခါမှု" အထိ အသံကို လျှော့ချပေးနိုင်ပါတယ်။
Source: Reuters











