
စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို ကူးလူးဆက်သွယ်ထားတဲ့ ရတနာသင်္ခတံတား အောက်တိုဘာ ၂၉ ရက် ဒီနေ့ မနက်အစောပိုင်းမှာ မိုင်းခွဲ ဖျက်ဆီး ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မြောင်းမြို့ဘက်ခြမ်းတံတားထိပ်ကို စစ်ကောင်စီက တပ်စွဲထားပြီး စဉ့်ကူးဘက်က တံတားထိပ်ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားကာ စဉ့်ကူးဘက်ခြမ်းက တံတားပိုင်းမှာ ပျက်စီးသွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ထောက်ခံတဲ့ Telegram Channel တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲ ဖျက်ဆီးလိုက်တာလို့ ဖြန့်ဝေနေကြပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တံတားပျက်စီးသွားပြီးနောက် စဉ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်တယ်လို့ ဒေသခံက ပြောပါတယ်။
“ဒီမနက် အစောကြီး တံတား ဖျက်ဆီးခံလိုက်ရတယ်။ တံတား ထိပ်နှစ်ဘက်ကို အပြန်အလှန် ထိန်းချုပ်ထားတော့ အရပ်သားတွေ အသုံးတော့ မပြုကြဘူး။ ဘယ်အဖွဲ့က လုပ်လဲတော့ မသိရဘူး။ အဲဒါ ဖြစ်ပြီး မနက် ၁၀ နာရီလောက်တော့ စဉ့်ကူးမြို့ကို လေကြောင်းနဲ့ တောက်လျှောက် တိုက်ခိုက်နေတယ်။ ၅ ကြိမ် ၆ ကြိမ်လောက် ရှိပြီ လေကြောင်းနဲ့ လာပစ်တာ။”
စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်တာ ဆက်လုပ်နေ သေးတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ ဒီနေ့ မွန်းလွဲပိုင်းအချိန်အထိ မသိရသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေး အထက်ပိုင်းက သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူးမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး မတ္တရာမြို့နယ်က နယ်မြေအများစုကိုလည်း ထိန်းချုပ်ထားခဲ့တာပါ။
ဒါပေမဲ့ လက်ရှိမှာ သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူထားပြီး မန္တလေး-မိုးကုတ် လမ်းပိုင်းက ဖော့တောလမ်းဆုံးကိုလည်း အောက်တိုဘာ ၁၄ ရက်မှာ သိမ်းယူထားပါတယ်။
TNLA တပ်က စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲလိုက်ပြီး မိုးကုတ်နဲ့ မိုးမိတ်ကနေ ဆုတ်ခွာဖို့ သဘောတူထားတာကြောင့် စဉ့်ကူးမြို့နဲ့ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးထိန်းချုပ် နယ်မြေတွေကို စစ်ကောင်စီ စစ်ကြေင်းထိုးလာနိုင်မယ့် အခြေအနေရှိနေပါတယ်။











