DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူတွင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းမိ
DVB
·
October 29, 2025
ဆိပ်ဖြူတွင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းမိ
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က စစ်ကြောင်းမှူးတယောက် ကျဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းဆီကနေ သိရပါတယ်။

ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း တာဝန်ရှိသူတယောက်က “ဆိပ်ဖြူမြို့နယ်ထဲက ဂွေးပင်ချောင်းရွာနဲ့ တောင်ငယ်လုံးရွာကြားမှာရှိတဲ့ သံဇလုံရွာမှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေ ဆီကနေ ငွေတောင်းနေတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို ကျနော်တို့ တော်လှန်ရေးမဟာမိတ် ၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းနဲ့အတူ Yenanthar column (မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲအတွင်း Yenanthar column ရဲ့ စစ်ကြောင်းမှူး ကျဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကျားပေါက်က “အဲဒီ စကစဂိတ်မှာ သူတို့အင်အားက ပကစ ၂၁၊ ၂၂ နဲ့ ပစတွေ အပါအဝင် ၁၅ ယောက်လောက်ပဲ ရှိတာ။ သူတို့ရဲ့ ဘန်ကာ ၂ လုံးအထိ ကျနော်တို့ဘက်က ရပြီးတဲ့အချိန် ဆိပ်ဖြူဘက်ကနေ သူတို့ရဲ့စစ်ကူတွေ ရောက်လာတယ်။ ဆိပ်ဖြူနဲ့ အခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့ကလည်း ၂ မိုင်ခွဲလောက်ပဲ ဝေးတာဆိုတော့ ခဏချင်းပဲ တန်းရောက်လာကြတာ။ အဲဒီမှာလည်း ပစ်ခတ်မှုတွေဖြစ်ရင်း ကျနော်တို့ဘက်က Yenanthar column ရဲ့ စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခေါ်) ရဲဘော် ဟိန်းမင်းသူ ကျဆုံးခဲ့တာပါ” လို့ ပြောပါတယ်။

သံဇလုံကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်စဥ် စစ်သား ၄ ယောက် သေဆုံးတာ မျက်မြင်တွေ့ခဲ့ရသလို MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ 5.56 ကျည်အတောင့်ရေ ၁၁၀ နဲ့အတူ တခြားဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆိပ်ဖြူမြို့နယ်ထဲမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားပေမဲ့ ဆိပ်ဖြူမြို့ပေါ်မှာသာ စိုးမိုးထားနိုင်ပြီး ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာအများစုကိုတော့ တော်လှန်ရေး အင်အားစုတွေဘက်က စိုးမိုးထားနိုင်တဲ့ အခြေအနေ ရှိနေလို့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့လည်း ဆိပ်ဖြူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013