
တောင်ကိုးရီးယားနိုင်ငံသား ၁၁ ယောက် ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံနေရကြောင်း ကိုးရီးယား သတင်းဌာနတွေရဲ့ စွပ်စွဲချက်ပေါ် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
တောင်ကိုးရီးယားနိုင်ငံသား ၁၁ ဦး ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရပြီး ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသည်တွေအတွက် လုံခြုံမှုမရှိတဲ့နိုင်ငံဖြစ်နေပြီလားလို့ တောင်ကိုးရီးယား သတင်းဌာနတွေ ဖြစ်တဲ့ The Korea Herald နဲ့ The Korea Economic Daily တို့က ရေးသားဖော်ပြခဲ့တဲ့အပေါ်မှာ စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဖာနုမတ်ဘွန်ယလတ်က ညွှန်ကြားခဲ့တယ်။
စစ်ဆေးချက်အရ တောင်ကိုးရီးယားနိုင်ငံသား ၁၁ ယောက်အနက် ၅ ယောက်မှာ ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး ၂ ယောက်မှာ ပြည်နှင်ဒဏ်ပေးပြီး မိခင်တိုင်းပြည်သို့ ပြန်လည်ပို့ဆောင်ပြီး ဖြစ်တယ်၊ ကျန်တဲ့ ၄ ယောက်ကတော့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အချက်အလက် ရာဇဝင်မရှိဘူးလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲချုပ် ချိန်းလွန်း ရိမ်းဖဒီးက အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ပြောပါတယ်။
ပြည်နှင်ဒဏ်ပေးခံရသူ ၂ ယောက်အနက် အသက် ၃၀ အရွယ် Kim Gyeonghyeon ဟာ ထိုင်းနိုင်ငံကို ၂၀၂၅ မေ ၃၁ ရက်က ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်ခရိုင် ဘန့်ခလောင်းလိုတ် ဂိတ်ပေါက်ကနေ ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အဖမ်းခံရတယ်၊ တာဝန်ရှိသူတွေက အမည်ပျက်စာရင်းသွင်းပြီး ဒီဇူလိုင် ၁ ရက်မှာ ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ ဆိုပါတယ်။
နောက်ထပ်တယောက်ဖြစ်တဲ့ အသက် ၃၄ နှစ် Noh Kidong ကတော့ ဒီနှစ်ဧပြီလ ၁၂ ရက်နေ့မှာ သုဝဏ္ဏဘုမိလေဆိပ်ကနေ ဝင်ရောက်လာတယ်။ နိုင်ငံထဲမှာ နေထိုင်ခွင့်ဗီဇာကုန်ဆုံးပြီး လာရောက်သ တင်းပို့အဖမ်းခံတယ် ၊ ဒါကြောင့် ဩဂုတ်လ ၁၂ ရက်နေ့မှာ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေကိုရော မိမိဖာသာ ပြန်လည်ထွက်ခွါသွားတဲ့ တောင်ကိုးရီးယားနိုင်ငံသား ၅ ယောက်ရဲ့ အချက်အလက်တွေကို တောင်ကိုးရီးယားသံရုံးထံ ပေးပို့သွားမှာဖြစ်တယ်၊ ထိုင်းနိုင်ငံထဲကို နယ်စပ်လမ်းကြောင်း၊ နိုင်ငံတကာလေကြောင်းကနေ ဖရီးဗီဇာနဲ့ တယောက်တည်းဝင်ရောက်လာသူတွေ ၊ အလည်အပတ်ခရီးစဉ်မရေရာတဲ့သူတွေ၊ ပထမဆုံးအကြိမ် ဝင်ရောက်လာသူတွေအနေနဲ့ ထိုင်းအိမ်နီးချင်းနိုင်ငံတွေဆီ အလုပ်လုပ်ဖို့ ဆိုပြီး အလိမ်ခံရတာတွေကို သက်ဆိုင်ရာ ဂိတ်ဝင်ပေါက်ကနေ သတိပေးထားပြီး စစ်ဆေးနေတယ်လို့ ပြောပါတယ်။
ဒီ ၂၀၂၅ နှစ်ဦးပိုင်းကစပြီး ခရီးသွားပြည်သူ လူပေါင်း ၅၀၀၀ ကျော်ကို သတိပေးခဲ့ပြီး နယ်စပ်ဂိတ်ကနေ အိမ်နီးချင်းနိုင်ငံတွေဆီ ဝင်ရောက်ဖို့ကြိုးစားတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးဖို့ သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေကို ညွှန်ကြားထားကာ အထူးသဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ဖို့ ကြိုးစားသူတွေကို တာ့ခ်ခရိုင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဂိတ်တွေမှာ စစ်ဆေးနေတယ်လို့ ထိုင်းလဝက ဒုရဲချုပ်က ပြောသွားပါတယ်။
Source: ThaiPBS News











