DVB Logo
Home
မြန်မာသတင်း
အာဆီယံ ဆုံးဖြတ်ချက်က စစ်ကောင်စီ ရွေးကောက်ပွဲကို သွယ်ဝိုက်ပယ်ချခြင်းဖြစ်ဟု သုံးသပ် 
DVB
·
October 29, 2025
အာဆီယံ ဆုံးဖြတ်ချက်က စစ်ကောင်စီ ရွေးကောက်ပွဲကို သွယ်ဝိုက်ပယ်ချခြင်းဖြစ်ဟု သုံးသပ် 
Donate to DVB

ရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့လိုကြောင်း ပါဝင်တဲ့ အာဆီယံရဲ့ ထုတ်ပြန်ချက်ဟာ စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် အသိအမှတ်မပြုဘဲ သွယ်ဝိုက်ပယ်ချတဲ့သဘောထားဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၂၈ ချက်ကို  အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆ မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ လေ့လာသူတွေ ဖိတ်ခေါ်မှုကို “မှတ်သားပါတယ်” လို့ သုံးနှုန်းထားပြီး ရွေးကောက်ပွဲမတိုင်ခင် “အကြမ်းဖက်မှုတွေ ရပ်စဲဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ” ပြုလုပ်ရမယ်လို့ အလေးပေး ဖော်ပြခဲ့ပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ လွတ်လပ်၊ မျှတ၊ ငြိမ်းချမ်း၊ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးကြောင်း ထောက်ပြမှုဟာ NUG ရဲ့ သဘောထားနဲ့ တူညီတယ်လို့ ဆိုပါတယ်။

“ကျမတို့လည်း ဒါပဲပြောတာပေါ့နော်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက၊ လုပ်မယ့်ရွေးကောက်ပွဲက မျှတမှုမရှိဘူး၊ တရားမျှတမှုလည်း မရှိဘူး။ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်မှာလည်း မဟုတ်သလို ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ အားလုံးပါဝင်နိုင်ရေးလို့ ပြောရအောင်လည်းပဲနော် လူထုအများစုကို ကိုယ်စားပြုထားတဲ့ ပါတီကြီးတွေ၊ တိုင်းရင်းသားပါတီကြီးတွေလည်း မပါဘူး ဆိုတာကို တွေ့ရတယ်။ နောက်တခုက အခုကိုပဲ မပြိုင်ဘဲနဲ့ နိုင်နေတဲ့ဟာတွေ၊ နောက်ပြီးတော့ လူချင်းတိုက်နေတယ်ဆိုရင် ဖယ်ပေးဖို့ပေါ့နော်။ အခု ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားနေတဲ့ ပါတီက အမတ်လောင်းတွေကိုဖိအားပေးတာမျိုးတွေက ကျမတို့ မြင်နေရတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီ စကစလုပ်မယ့် ရွေးကောက်ပွဲက ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ကျမတို့ပြောသလိုပဲ ဒါ လုပ်ပွဲကြီးပဲ။”

ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့မှ ဒေါ်ခင်ဥမ္မာကလည်း အာဆီယံရဲ့ “မှတ်သားထားတယ်” ဆိုတဲ့ စကားလုံးသုံးနှုန်းမှုဟာ “ကြိုဆိုတယ်” ဒါမှမဟုတ် “အသိအမှတ်ပြုတယ်” လို့ မပြောတာဖြစ်လို့ သံတမန်ရေးရာအရ စစ်အုပ်စုရဲ့ “အတုအယောင်ရွေးကောက်ပွဲ” ကို လက်မခံကြောင်း သွယ်ဝိုက်ပြောတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီအချက်ကို ကြည့်တာနဲ့တင် အာဆီယံအနေနဲ့က စစ်အုပ်စုရဲ့ အကြမ်းဖက် ရွေးကောက်ပွဲအပေါ်မှာ သူတို့ သဘောမတူဘူး၊ သဘောမကျဘူး၊ လက်မခံဘူးဆိုတဲ့ဥစ္စာကို သံတမန်ခင်း စကားလုံး၊ သံခင်းတမန်ခင်း စကားလုံးနဲ့ သွယ်ဝိုက်ပြီးတော့မှ ဒါကို သေသေချာချာလေးတော့ ထင်ထင်ရှားရှားဖြစ်အောင် ပြောသွားတယ်လို့ ကျမတို့ မြင်လို့ရတဲ့ အဲဒါတချက်။ နောက်တချက်ကကျတော့ သူတို့ ဒီ လူသားစာနာ အကူအညီကို လိုအပ်လို့ရှိရင် နယ်စပ်ကနေ ဖြတ်ကျော်ပေးဖို့ ကိစ္စမျိုးကို ထည့်သွင်းပြီးမှ ဖော်ပြထားတာ တွေ့ရတယ်။”

စစ်အုပ်စုဟာ အကူအညီတွေကို လက်နက်သဖွယ် အသုံးချနေကြောင်း အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အကြိမ်ကြိမ်ရှင်းပြမှုကို အာဆီယံက နားလည်လာပုံရပေမဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် လက်တွေ့အရေးယူမှု မရှိတဲ့အပေါ်  စိတ်ပျက်မိကြောင်း ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုပါတယ်။

အခုထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ အဖွဲ့ထဲက တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီကတော့ အာဆီယံဟာ မြန်မာအာဏာသိမ်းစစ်တပ်ကို ဖိအားပေးတာကလွဲပြီး လုပ်နိုင်တာမရှိတဲ့အကြောင်း ထောက်ပြပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဆီယံက ရေးဆွဲခဲ့တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် ငြိမ်းချမ်းရေး အစီအစဉ်ကို စစ်ကောင်စီက လျစ်လျူရှုထားခဲ့တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အောက်တိုဘာ ၂၇ ရက်မှာ ပြောခဲ့ပါတယ်။

တဖက်မှာလည်း အာဆီယံက စစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ရောက်ခွင့် ဆက်ပိတ်ခဲ့သလို လာမယ့်နှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာကို ဖိလစ်ပိုင်နိုင်ငံက  မြန်မာအစား တာဝန်ယူမှာလည်း ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013