
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက ပြင်ပလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေမှာ ဝင်ရောက်စွက်ဖက်တာတွေ မပြုလုပ်ကြဖို့ အောက်တိုဘာ ၂၆ ရက်မှာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ပခုက္ကူမြို့နယ် ပအဖ အဖွဲ့ဝင်တယောက်က “ကျနော်တို့ ပခုက္ကူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ မြို့နယ်အတွင်းက အုပ်ချုပ်ရေးယန္တရားကို အပြည့်အဝ လည်ပတ်နိုင်အောင် ဖော်ဆောင်နေပြီးတော့ ပြည်သူ့ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်နေတဲ့ အချိန်မှာ ပခုက္ကူမြို့နယ်အတွင်းမှာ ရှိကြတဲ့ တချို့သော MOD လက်အောက်ခံ မဟုတ်ကြတဲ့ ပြင်ပလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က နှောင့်ယှက်တာတွေ ရှိနေတဲ့အတွက် အခုလို ထုတ်ပြန်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပခုက္ကူမြို့နယ်အတွင်းမှာ လက်နက်ကိုင်ဆောင်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ရှိသလို NUG MOD လက်အောက်ကို မဝင်ဘဲ သီးခြားရပ်တည်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ် ပအဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပြီးခဲ့တဲ့လပိုင်းထဲမှာ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်စောင့်ရှောက်ရေး (MOWICA) အဖွဲ့ဝင်တွေဟာ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေအပြင် ပြည်သူတွေအတွက် ထောက်ပံ့ကြေးပေးဖို့ ကိစ္စတွေ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ထဲက NUG MOD လက်အောက်ကမဟုတ်တဲ့ သီးခြား လက်နက်ကိုင်အဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေကို ကွင်းဆင်းကြတဲ့အခါမှာ အဲဒီ လက်နက်ကိုင်အဖွဲ့ဝင်တွေက သူတို့ရဲ့ စိုးမိုးနယ်မြေထဲကို လာစရာမလိုဘူး ဆိုပြီး MOWICA အဖွဲ့က အမျိုးသမီးတွေကို ပြောလွှတ်လိုက်တဲ့ ဖြစ်စဥ်တွေ ရှိခဲ့တယ်ဗျ။ နောက်နောင်မှာ အခုလိုဖြစ်စဥ်တွေ မဖြစ်ပေါ်စေဖို့ ရည်ရွယ် ထုတ်ပြန်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အခုထုတ်ပြန်ချက်ကို မလိုက်နာကြတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
ပခုက္ကူမြို့နယ်အတွင်းမှာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လွှမ်းခြုံထားနိုင်မှု ပမာဏဟာ တမြို့နယ်လုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီလို့လည်း သိရပါတယ်။










