
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အောက်တိုဘာ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ရဲ ၄ ယောက် သေဆုံးပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၄ ဆီကနေ သိရပါတယ်။
သရက်ခရိုင် တပ်ရင်း ၄ ရဲ့ တပ်ဖွဲ့ဝင်တယောက်က “ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်မှာ မင်းတုန်းဘက်ကနေ ဝန်တွင်းရွာဘက်ကို မောင်းလာကြတဲ့ ရဲကား ၄ စီးအတွဲလိုက်ပါတဲ့ ယာဥ်တန်းကို မဲဇလီရွာနဲ့ ဝန်တွင်းရွာကြားမှာ ကြားဖြတ် မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးသလို ဒဏ်ရာရသူတွေလည်းရှိကာ ရဲကားတစီးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး 7.62 ကျည် ၇၈ တောင့်၊ G3 ကျည် ၂၄ တောင့်၊ ကာဘိုင်ကျည် ၁၇ တောင့်၊ စစ်အသုံးအဆောင်ပစ္စည်း တချို့နဲ့အတူ ငွေ ၃၀၀,၀၀၀ ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
သရက်ခရိုင် တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က “တိုင်းအဆင့် ရဲမှူး လမ်းကြောင်းထွက်လာတယ် ဆိုတာကို ဖရဲသီးဘက်က သတင်းပေးတာကြောင့်မို့ ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့ကြတာပါ။ ကားတွေပေါ်မှာ တိုင်းရဲမှူး ပါ၊ မပါ ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ အဲဒါကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။ ကား ၄ စီး လာတာမှာ ၃ စီးက လက်နက်ငယ်တွေထိပြီး လွတ်သွားတယ်။ ကျနော်တို့ဘက်က မီးရှို့ဖျက်ဆီးလိုက်တဲ့ ကားပေါ်ကနေ သေဆုံး ဒဏ်ရာရတဲ့ ကောင်တွေကိုတော့ ကျန်တဲ့ကားတွေနဲ့ တင်သွားပြီး မောင်းပြေးသွားကြတယ်။ ကျန်နေခဲ့တဲ့ ဖိုးဝှီးကားကလည်း မိုင်းထိပြီး ပြန်သုံးလို့ မရတော့လို့ မီးရှို့ဖျက်ဆီးလိုက်ရတာပါ။ တိုက်ခိုက်မှုအပြီးမှာ သူတို့ဘက်က အထိုင်ချနေတဲ့ မင်းတုန်းမြို့အဝင် ၅ မိုင် စစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာတွေ ပြုလုပ်ခဲ့ကြသေးတယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ ဗိုလ်အဆင့်ရှိသူတယောက်နဲ့ တခြားအဆင့် ရဲတပ်ဖွဲ့ဝင်တယောက်ကိုတော့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ကမ္မမြို့နယ်ဆေးရုံကနေ ပြည်မြို့နယ်ဆေးရုံကို အရေးပေါ် လွှဲပြောင်းပေးလိုက်ရတယ်လို့ နောက်ဆုံးသတင်းတွေ ရရှိထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မင်းတုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းကလည်း ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲ ၂ ယောက်ကို တိုက်ခိုက်ခဲ့လို့ ၂ ယောက်လုံး သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေဘက်ကလည်း စစ်ကောင်စီ လက်အောက်ခံတွေနဲ့ အနီးဝန်းကျင်တွေမှာ နေထိုင်သွားလာ မောင်းနှင်တာတွေ မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။











