DVB Logo
Home
မြန်မာသတင်း
KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီနှင့် အဆိုတော် နိုဗန်ထူးတို့ ပါဝင်သည့် “မိုးသောက်ချိန်” စကားဝိုင်း
DVB
·
October 28, 2025
KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီနှင့် အဆိုတော် နိုဗန်ထူးတို့ ပါဝင်သည့် “မိုးသောက်ချိန်” စကားဝိုင်း
Donate to DVB

ဒီတပတ် “မိုးသောက်ချိန်” DVB ရုပ်သံ စကားဝိုင်းအစီအစဉ်မှာတော့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်အနုပညာရှင် အဆိုတော် နိုဗန်ထူးနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီတို့က လူငယ်တွေအတွက် လူငယ်ဘဝ သူတို့ရဲ့ ခံစားချက်၊ အတွေ့အကြုံ၊ အတွေးအမြင်တွေကို မျှဝေထားပါတယ်။

ကိုမာဝီက KNDF ဒုစစ်ဦးစီးချုပ် မဖြစ်မီ လူငယ်ဘဝအတွေ့အကြုံတွေကို အခုလို ပြောပြထားပါတယ်။

“စစ်အာဏာမသိမ်းခင် ကျနော်တို့က ပုံမှန်လူငယ်တယောက်ပဲ။ သူငယ်ချင်းတွေနဲ့ တွေ့ကြမယ်၊ သီချင်းလေးဘာလေး ဆိုမယ်၊ ကဗျာတွေ ဘာတွေ လျှောက်ဖတ်ကြမယ်၊ ခရီးလေးဘာလေး လျှောက်ထွက်ကြမယ်၊ ကိုယ့်ရဲ့ဒေသ ကိုယ်နေတဲ့ပတ်ဝန်းကျင်လေးကို ကောင်းအောင် ပြုစု စောင့်ရှောက် ထိန်းသိမ်းကြမယ်၊ အဲ့လို သာမန်လူငယ်တယောက်ပါပဲ။ ထွေထွေထူးထူး အရမ်းကြီး တမူထူးခြားနေတာတော့ မဟုတ်ဘူးပေါ့။ လူငယ်တွေ အားလုံးထဲမှာမှ တိုင်းပြည်ကို ပိုကောင်းစေချင်တယ်၊ ကိုယ့်ပတ်ဝန်းကျင်ကို ပိုကောင်းစေချင်တယ်၊ ကိုယ်နေထိုင်တဲ့ပုံစံက သူများကို မထိခိုက်တဲ့ ပုံစံမျိုးလေးတွေနဲ့ နေထိုင်သွားစေချင်တယ်၊ အဲဒီလို သွားချင်တဲ့ လူငယ်တယောက်ပဲပေါ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတာကို အရမ်းစိတ်ဝင်စားတယ်၊ အဲလိုလည်း နေထိုင်တာပေါ့။”

နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး KNDF ကို ဦးဆောင်သူတယောက် ဖြစ်လာခဲ့ပုံကိုလည်း ကိုမာဝီက အခုလိုပြောပြထားပါတယ်။

“ကျနော်တို့ဒေသတွေက အခုမှဖြစ်တာမဟုတ်ဘူး၊ ကျနော်တို့ဒေသလို့ ပြောရင် တိုင်းရင်းသားဒေသတွေ အားလုံးနီးပါးပေါ့၊ မြန်မာပြည်အလယ်ပိုင်းကလွဲရင် ကျန်တဲ့ဒေသ တော်တော်များများက ၂၀၂၁ မှ တော်လှန်ရေးဖြစ်တာမဟုတ်ဘူး၊ ဖြစ်နေတာကြာပြီ၊ ဒါပေမဲ့ မပြီးသေးတာတခု၊ အောင်မြင်မှု မရသေးတာတခု ဒါမျိုးတွေ ဖြစ်နေတာပေါ့၊ ကျနော်တို့က ၂၀၂၁ မှ ထလုပ်တာမဟုတ်ဘူး၊ ကျနော်တို့က အခုမှ ငါတို့လုပ်တာ ဆိုတာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့ရှေ့က စီနီယာတွေ၊ ကျနော်တို့ အဘိုး အဘွားတွေ သယ်လာတဲ့ဟာကို ကျနော်တို့က ထပ်ပြီး ပခုံးထမ်း ထမ်းဆောင်တာပေါ့၊ တာဝန်ထပ်ယူလိုက်တဲ့ ပုံစံမျိုးလို့ ကျနော်တို့က မြင်တယ်။ ဒီဟာတွေ ဖြစ်ဖို့ရာအတွက် ဒီလို တာဝန်ယူဖို့ရာအတွက်မှာတော့ စောန ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့အရာတွေကို ကျနော်တို့ မြင်တယ်။ ကျနော်တို့ လအမှ မဟုတ်တာ။ အခု မင်းအောင်လှိုင်တို့ လုပ်တဲ့ဟာကြီးကို သူတို့ ပြောတယ်လေ၊ ဒါ NLD နဲ့ ငါတို့နဲ့ဖြစ်တဲ့ဟာ၊ ကျန်တဲ့ဟာ မင်းတို့ ပါစရာမလိုဘူး၊ တိုင်းရင်းသားတွေမပါနဲ့၊ ဒါ ဗမာအချင်းချင်း တိုက်ခိုက်တဲ့ဟာ၊ အဲလိုပဲ ဒီဘက်အတိုက်အခံအုပ်စုတွေလည်း အဲ့လိုတွေးတာရှိတယ်။ ကျနော်တို့ကပြောတယ်၊ မြန်မာပြည်မှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် မတရားမှုတခု ရှိနေတယ်ဆိုရင် ဒီမတရားမှုကို မကြိုက်တဲ့လူတွေက ထမှာပဲ။ အမှန်တရားကို လိုချင်တဲ့လူတွေက ထမှာပဲလေ။ ဒီတိုင်းပြည်အတွက် မတရားမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေက လုံလောက်ပြီ၊ တကယ်ကို လုံလောက်ပြီ။ ကျနော်တို့မျိုးဆက်တွေကိုလည်း မခံစားစေချင်တော့ဘူး၊ ဒီမှာတင်ရပြီ၊ ကျနော်တို့ မျိုးဆက်မှာတင်ရပြီ။ အဲတော့ ကျနော်တို့လက်ထက်မှာတော့ ရအောင် နိုင်အောင်ချမယ် ဆိုတဲ့ ပုံစံမျိုး ကျနော်တို့တွေးတယ်။နောက်တခုက တော်လှန်ရေးက လက်နက်ကိုင်မှ တော်လှန်ရေး မဟုတ်ဘူးပေါ့၊ တခြားဟာတွေလည်း အများကြီးရှိတယ်။ သို့သော် ဘာဖြစ်လို့ လက်နက်ကိုင်ပြီးတော့ ရွေးလဲဆိုတော့ ဒီကောင်တွေက အဲလိုလုပ်မှရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။ သူက ကျနော်တို့ကို တချိန်လုံး လက်နက်နဲ့ အနိုင်ကျင့်လာတယ်။ ကျနော်တို့ပြောတာ နားမထောင်ဘူး၊ ကျနော်တို့ရဲ့အသံတွေကို သူတို့ လျစ်လျူရှုတယ်။ ပြည်သူလူထုတရပ်လုံးက ဘာဖြစ်ချင်နေလဲဆိုတာကို လုံးဝ Ignore လုပ်ပြီးမှ သူ့ရဲ့ အာဏာတည်မြဲရေးကိုပဲ ကြိုးစားတဲ့အခါမှာ လက်နက်မရှိရင် ကျနော်တို့ အနိုင်ကျင့်ခံရမယ်၊ ဒါပေမဲ့ အဲလိုပြောလို့ မြန်မာပြည်ရဲ့ နောင်အနာဂတ် နိုင်ငံရေးမှာလည်း လက်နက်နဲ့ပဲ သွားမယ်လို့ ပြောတာ မဟုတ်ဘူး။ အခု လတ်တလော အခြေအနေမှာတော့ လက်နက်နဲ့ အနိုင်ကျင့်တဲ့ကောင်ကို လက်နက်နဲ့ ပြန်လုပ်ပေးမှရမယ်။ နောက်တခုက ‘သေရဲတဲ့ကောင် ထွက်ခဲ့ဆို၊ အေး သေရဲတယ်၊ ထွက်ခဲ့တယ်’လေ။ မင်းတို့လည်း သေရဲလားဆိုပြီး အဲလိုမျိုး ပြန်ပြီးတော့ သူ့ကို challenge ပြန်လုပ်တဲ့ဟာမျိုး သူ့ကို ကျနော်တို့ သွားမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်တွေချတယ်။ အဲတော့ ငါတို့ Arm force ထောင်မယ်၊ ငါတို့ တကယ်ကို ပြန်တိုက်မယ်၊ နားမပါနားတွေ နားပါလာအောင် မမြင်တဲ့မျက်စိတွေကို မြင်လာအောင် ပြန်တိုက်ယူမယ်ဆိုတဲ့ဟာမျိုး၊ အနှစ်သာရကလည်း ကိုယ်လိုချင်တဲ့ တိုင်းပြည်ရဲ့ အနာဂတ်တခု၊ ကိုယ်ရဲ့ Desire တခုကို လွယ်လွယ်နဲ့ရရင်တော့ သိပ်ပြီးတော့ ဖီးလ်မရှိဘူးပေါ့။ အဲတော့ တောင်းယူမလား၊ တိုက်ယူမလား၊ ပြောယူမလား၊ ဒါပေမဲ့ peace way နဲ့တော့ သွားခဲ့ကြတာပဲ၊ ပြောယူခဲ့ကြတယ်၊ တောင်းယူခဲ့ကြတယ်။ လက်မခံတော့လည်း တိုက်ယူမယ် ဘာဖြစ်လဲပေါ့၊ ဒါ ကျနော်တို့ တာဝန်တွေယူဖို့ တွန်းအားတွေ ဖြစ်ပါတယ်။”

စစ်အာဏာမသိမ်းမီကာလက The Voice Myanmar Season 2 ရဲ့ Winner တယောက် ဖြစ်တဲ့ ကိုနိုဗန်ထူးကလည်း “ငယ်ငယ်တည်းက broken family လာတဲ့အတွက် ဒီ Metal ဂီတကိုတွေ့တယ်၊ Metal ဂီတထဲကမှ မကျေနပ်ချက်တွေ၊ suffering ဖြစ်မှုတွေ၊ ဂီတကနေ ကုစားရုံတင်မဟုတ်ဘဲ ဘာသာတရားတခုလို ကိုးကွယ်ဖြစ်တဲ့ဟာမျိုး၊ အဲဒီကနေတဆင့် ဖန်တီးတယ်၊ ၂၀၀၉ လောက်ကစပြီး Band တွေဘာတွေ လုပ်ရာကနေ အဲလို ကိုယ်လိုဖြစ်နေတဲ့လူငယ်တွေ၊ Suffer ဖြစ်နေတဲ့လူငယ်တွေ၊ မပြည့်စုံမှုတွေကြားထဲက စိတ်ထွက်ပေါက်တခုအနေနဲ့ ဂီတကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိတွေ့သင့်တယ်ဆိုတဲ့အရာနဲ့ Metal ဆက်ပြီးတော့ ခုထက်ထိလည်း လုပ်တယ်၊ ဘက်ပေါင်းစုံကနေ ဘဝမှာ ဘာချန်ခဲ့မလဲ ဆိုတဲ့ လူကောင် တကောင်ပေါ့၊ အဲဒီလောက်ပါပဲ…” လို့ ပြောပြထားပါတယ်။

ဒီအစီအစဉ်မှာ ကိုမာဝီ၊ ကိုနိုဗန်ထူးတို့နဲ့အတူ DVB အစီအစဉ်တင်ဆက်သူ ဝမ်ဒီနဲ့ ငုခတ္တာတို့က ပူးပေါင်း တင်ဆက်ပေးထားပါတယ်။

အပြည့်အစုံကို အောက်ပါ ယူကျုလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

စကားဝိုင်း (အပိုင်း ၁)

စကားဝိုင်း (အပိုင်း ၂)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013