
မွန်တီနီဂရိုးရဲတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ မြို့တော် ပေါ့ဒ်ဂိုရီကာမှာ တူရကီလူမျိုး တယောက်ကို ဓားထိုးမှု စတင်ခဲ့တဲ့ သီတင်းပတ်ကုန် အကြမ်းဖက်မှုတခု အပြီးမှာ တူရကီနဲ့ အဇာဘိုင်ဂျန်နိုင်ငံသား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
တူရကီနိုင်ငံသားအုပ်စုတစုနဲ့ အပြန်အလှန် စော်ကားခဲ့ကြပြီးတဲ့နောက် ကော်ဖီဆိုင်အပြင်ဘက်မှာ အောက်တိုဘာ ၂၅ ရက် ညက မွန်တီနီဂရိုး အမျိုးသားတယောက် ဓားထိုးခံခဲ့ရတာပါ။ သူ့ဒဏ်ရာတွေက အသက်အန္တရာယ်တော့ မရှိခဲ့ပါဘူး။
အောက်တိုဘာ ၂၆ ရက်မှာတော့ ဒေသခံ ဒါဇင်ပေါင်းများစွာဟာ တူရကီနံပါတ်ပြားပါတဲ့ ယာဉ်တွေကို ဖျက်ဆီးကာ လက်စားချေခဲ့ကြပြီး တူရကီနိုင်ငံသားတချို့ကို လောင်းကစားရုံထဲမှာ သူတို့ကိုသူတို့ အတားအဆီးတွေ ချထားရအောင် အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။
တနင်္ဂနွေနေ့ညမှာ ပေါ့ဒ်ဂိုရီကာမြို့လယ်က တူရကီပိုင် စားသောက်ဆိုင်တဆိုင်ကို ဖြိုခွင်းခဲ့ပါတယ်။
ဓားထိုးမှုဖြစ်ရပ်မှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၂ ယောက်ဖြစ်တဲ့ တူရကီနိုင်ငံသား တယောက်နဲ့ အဇာဘိုင်ဂျန်နိုင်ငံသားတယောက် အပြင် တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းတွေ မရှိဘူးလို့ သံသယရှိထားတဲ့ တူရကီနဲ့ အဇာဘိုင်ဂျန်နိုင်ငံသား ၄၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးခံရသူ ၇ ယောက်ကို ဒဏ်ငွေချမှတ်ခဲ့ပြီး တခြား ၈ ယောက်ကို နိုင်ငံကနေ နှင်ထုတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။
ဝန်ကြီးချုပ် မီလွိုက်ကို စပိုက်က သူ့အစိုးရဟာ တူရကီနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့် လျှောက်ထားစရာ မလိုတဲ့ စနစ်ကို ယာယီရပ်ဆိုင်းထားပြီး အနာဂတ် ပြည်ဝင်ခွင့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ တူရကီအစိုးရနဲ့ အလေးအနက် ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။
မွန်တီနီဂရိုး အာဏာပိုင်တွေက တူရကီနိုင်ငံသားတွေ ဘေးကင်းရေးနဲ့ အခွင့်အရေးတွေရတာ သေချာစေရေး လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့ တူရကီအစိုးရက မျှော်လင့်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မွန်တီနီဂရိုးနိုင်ငံမှာ အမြဲတမ်း ဒါမှမဟုတ် ယာယီမှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသား အယောက် တသိန်းထဲမှာ အယောက် ၁၃,၀၀၀ လောက်က တူရကီနိုင်ငံသားတွေဖြစ်တယ်လို့ မွန်တီနီဂရိုး ပြည်ထဲရေးဝန်ကြီး ဒါနီလို ဆာရာနိုဗစ်ချ်က ပြောခဲ့ပါတယ်။
Source: Reuters










