
ရခိုင်ပြည်၊ အဉ္စနပူရ(မင်းပြား)မြို့နယ်ကို စက်တင်ဘာ ၂၈ ရက် ဒီမနက်မှာ စစ်အာဏာရှင်တပ်က ထောက်ပို့လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ၈ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပြီး ရခိုင်မှာ စစ်တပ်က ဗုံးကြဲပစ်ခတ်လို့ ၁၀ ရက်အတွင်း သေဆုံး ဒဏ်ရာရသူ ၂၂ ယောက် ရှိတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ဒီမနက် ၇ နာရီလောက်မှာ စစ်တပ်က Y-12 စစ်ထောက်ပို့လေယာဉ်အသုံးပြုပြီး မင်းပြားမြို့နယ်၊ စွန်ရဲရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် ဆယ်ကျော်သက်ကလေး ၂ ယောက် အပါအဝင် ဒေသခံ ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။
“ဒီမနက် မိုးလင်းကတည်းက Y-12 လာပြီးချတယ်။ စွန်ရဲရွာမှာ ဗုံးသီးကျလို့ ၈ ယောက် ဒဏ်ရာရတယ်။ ၂ ယောက်ကတော့ စိုးရိမ်ရတဲ့အနေအထားရှိတယ်။ အခုတော့ ဆေးကုသမှု ခံယူထားရတယ်။”
ဒီမနက် ၆ နာရီဝန်းကျင်ကနေ ၇ နာရီဝန်းကျင်အတွင်း စစ်တပ်က လေကြောင်းကနေ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အဉ္စနပူရ(မင်းပြား)မြို့နယ်ကို ဗုံးကြဲခဲ့တာလို့ ရသေ့တောင်မြို့ခံ ULA အဖွဲ့ဝင်အမျိုးသားတယောက်က ပြောပါတယ်။
“ဒီမနက်က ရသေ့တောင်နယ်ရော၊ ပုဏ္ဏားကျွန်းနယ်၊ အဉ္စနပူရမြို့နယ်၊ သုံးမြို့စလုံးကို ကြဲနေတာ။ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမှာ တိုက်ပွဲအစပ် ရွာဝန်းကျင်တွေကို ကျတယ် ကြားတယ်။”
စက်တင်ဘာ ၂၇ ရက်မနေ့ မနက်အစောပိုင်းကလည်း အဉ္ဇနပူရမြို့ထဲကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်မှာ စက်တင်ဘာ ၁၇ ရက်ကနေ ၂၇ ရက်ထိ စစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၆ ယောက် သေဆုံးခဲ့ပြီး ၁၆ ယောက် ဒဏ်ရာရှိသွားတယ်လို့ AAက စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ ဗုံးထပ်ကြဲခဲ့တဲ့အတွက် ၈ ယောက် ဒဏ်ရာရတာကြောင့် ဒီနေ့အထိဆိုရင် သေဆုံးသူ ၆ ယောက်နဲ့ ဒဏ်ရာရသူ ၂၄ ယောက်ရှိပြီ ဖြစ်ပါတယ်။
သေဆုံးသူတွေကတော့ ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာက အမျိုးသမီး ၂ ယောက်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းရွာက အမျိုးသား ၁ ယောက်၊ ကျွဲထိုးပြင်ရွာက အမျိုးသမီး ၁ ယောက်၊ ဖက်ကျရွာက အမျိုးသား ၁ ယောက်နဲ့ ပုဏ္ဏားမြို့၊ စံပြရပ်ကွက်က အမျိုးသား ၁ ယောက်တို့ ဖြစ်ပါတယ်။
ဒဏ်ရာရရှိသူတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ သံတွဲမြို့နယ်၊ ဝီရဌာနီ(ပေါက်တော)မြို့နယ်၊ ဂွမြို့နယ်၊ အဉ္စနပူရ(မင်းပြား)နဲ့ ကျိန္တလီမြို့တို့က ဖြစ်ပါတယ်။
စစ်တပ်က ပစ်ခတ်ဗုံးကြဲတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရသလို ဘာသာရေး အဆောက်အအုံတွေ၊ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျွဲ နွား တိရစ္ဆာန်တွေ သေဆုံးခဲ့ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်ဟာ အမ်း-ပဒါန်း နတ်ရေကန်၊ အမ်း-တလိုင်းတောင်လမ်း-တောင်ကုတ်ရိုးလမ်း၊ ဧရာဝတီ၊ ကျောက်ဖြူ၊ စစ်တွေတို့ကို တပြိုင်နက် ထိုးစစ်ဆင်နေပြီး အကျအဆုံးများလာတဲ့အတွက် လေကြောင်း၊ ရေတပ်၊ အထိုင်တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ဒေသခံကျေးရွာတွေကို ရက်ဆက်တိုက်ခိုက်နေပါတယ်။










