
ဂျူဗင်တပ်အသင်းဟာ ရလဒ်မကောင်းမှုကြောင့် နည်းပြ အစ်ဂေါ်တူဒေါကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့မတ်လကမှ စတင်တာဝန်ယူခဲ့တဲ့ ခရိုအေးရှားနည်းပြဟာ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့စေခဲ့ပြီးနောက် ၇ လတာကာလအတွင်းမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
အသက် ၄၇ နှစ်ရှိ နည်းပြတူဒေါဟာ ခရိုအေးရှားကလပ်တွေ အပါအဝင် အူဒီးနိစ်၊ ဗီရိုနာ၊ မာဆေးနဲ့ လာဇီယိုအသင်းတွေမှာလည်း တာဝန်ယူခဲ့ဖူးပြီး ၂၀၂၀-၂၀၂၁ ရာသီက ဂျူဗင်တပ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူပါ။
နည်းပြ အစ်ဂေါ်တူဒေါနဲ့ နည်းပြအဖွဲ့ကို အသင်းတာဝန်တွေကနေ ရပ်စဲလိုက်ကြောင်းနဲ့ အသင်းအတွက် စွမ်းဆောင်ပေးခဲ့တာတွေအတွက် ကျေဇူးတင်ရှိကြောင်းနဲ့ အနာဂတ်မှာ အောင်မြင်မှု ရရှိပါစေကြောင်း ဂျူဗင်တပ်အသင်းက ထုတ်ပြန်ပါတယ်။
စီးရီးအေအဆင့် ၈ နေရာရောက်နေတဲ့ ဂျူဗင်တပ်အသင်းကို ယာယီနည်းပြအဖြစ် အသင်းလူငယ်နည်းပြ မက်ဆီမိုဘရမ်ဘီလာက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။










