
မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးမှာ Day of the Dead ပွဲတော် ရာသီအစအဖြစ် ‘လာကတ်ထရီနာ’ အရိုးခြောက် စီတန်းလှည့်လည်ပွဲကို အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့ပါတယ်။
မြို့တော်ရဲ့ လမ်းမကြီးတလျှောက် အရိုးခြောက်ပုံစံ ဆေးခြယ်ပြီး ခမ်းနားတဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားသူ ရာပေါင်းများစွာ ချီတက်ခဲ့ကြပါတယ်။
မြို့တော်ရဲ့ အဓိကရင်ပြင်မှာလည်း ရှေးခေတ် Aztec မြို့တော်ဖြစ်တဲ့ Tenochtitlan နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အမြင့် ၁၀ မီတာ (ပေ ၃၀ ကျော်) ရှိတဲ့ ရုပ်တုကြီးတွေ ခင်းကျင်းပြသထားပြီး ပူဇော်ပွဲပါ ပြုလုပ်တာ ဖြစ်ပါတယ်။
သေခြင်းတရားနဲ့ ယဉ်ကျေးမှု ဆက်လက်ရှင်သန်ခြင်းကို ကိုယ်စားပြုတဲ့ မယ်တော် နတ်ဘုရားမ အတွက် ရည်စူးထားတဲ့ ပူဇော်ပလ္လင်ကိုလည်း မြင်တွေ့ရပါတယ်။
ရှေးဘိုးဘေး အမွေအနှစ်တွေနဲ့ တိုင်းရင်းသား လူမှုအသိုက်အဝန်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါနပန်းတွေ၊ ရိုးရာလွှစာ ကော်ဇောတွေ၊ ဖယောင်းတိုင်တွေနဲ့လည်း အလှဆင်ထားပါတယ်။
ဒီပွဲတော်တွေဟာ စပိန်တွေ မဝင်ရောက်မီကတည်းက ရှိခဲ့တဲ့ ရိုးရာဓလေ့ဖြစ်ပြီး ကွယ်လွန်သွားတဲ့ ချစ်ခင်ရသူတွေကို ဂုဏ်ပြုရင်း ဘဝရဲ့ ဆက်လက်ဖြစ်တည်မှုကို ဂုဏ်ပြုကျင်းပတာ ဖြစ်ပါတယ်။
UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ Day of the Dead ပင်မပွဲတော်နေ့ကတော့ နိုဝင်ဘာ ၂ ရက်မှာ ကျရောက်မှာ ဖြစ်ပါတယ်။











