DVB Logo
Home
မြန်မာသတင်း
မတ္တရာကို စစ်တပ်ဗုံးကြဲ၊ PDF ရဲဘော် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
DVB
·
October 27, 2025
မတ္တရာကို စစ်တပ်ဗုံးကြဲ၊ PDF ရဲဘော် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်မြောက်ခြမ်း အင်းတံခါးကျေးရွာနဲ့ တခြား နေရာတနေရာကို စစ်တပ်က အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က စတင်ပြီး လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တယောက် အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က မန္တလေး၊ တံတားဦးနဲ့ မိတ္ထီလာကနေ ဂျက်ဖိုက်တာ အမျိုးအစားတွေနဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ အင်းတံခါးရွာအနီးကို ကနဦး လာကြဲတာဗျ။ ကြဲတာက စဥ့်ကူးမြို့နယ် ပဲလှော်ဖို ကျေးရွာ တောင်ဘက်၊ ပက်လယ်အင်းရွာ မြောက်ဘက် ကောင်းဆက်သာဆီဆိုင်ကို ကြဲချတာ။ ကြဲတဲ့ဗုံးသီးက စုစုပေါင်း ၆ လုံးကြဲချတယ်။ အဲလိုကြဲချလို့ အသက် ၃၇ အရွယ် ဆီဆိုင်မန်နေဂျာတဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်ဗျ။ စက်သုံးဆီ အဆောက်အဦ အပါအဝင် အဆောက်အဦ ၃ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ညနေ ၆ နာရီ ၄၂ မိနစ်မှာ မတ္တရာမြို့နယ်မြောက်ခြမ်း တနေရာကိုလည်း ဂျက်ဖိုက်တာနဲ့ ဗုံးသီးကြဲချခဲ့တာကြောင့် PDF ရဲဘော်တယောက် အပါအဝင် ပြည်သူ ၃ ယောက် သေဆုံးခဲ့ရပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ပြန်ယူတဲ့အခါမှာ အခုလို လေကြောင်းကနေ တိုက်ခိုက်သလို လက်နက်ကြီး၊ လက်နက်ငယ်တွေ အဆမတန် အသုံးပြုပစ်ခတ်ပြီး စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာပါ။ မတ္တရာနယ် အရှေ့ခြမ်း၊ အရှေ့မြောက်ခြမ်း၊ အ‌‌နောက်ခြမ်းတွေကို ထိုးစစ်ဆင်နေတာဗျ။ ဒေသခံပြည်သူတွေကတော့ နေရပ်စွန့်ခွာနေကြရတယ်။ အစားအ‌သောက်တွေ၊‌‌ စောင်၊ ခြင်‌ထောင်နဲ့ ဆေးဝါးတွေလည်း အရေးပေါ် လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်း အပါအဝင် လေယာဉ်မျိုးစုံနဲ့ပါ ဗုံးကြဲ ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စိုးမိုးနယ်မြေတွေ လက်လွှတ်ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013