
ပြည်တွင်းစက်သုံးဆီဈေးတွေ သီတင်း ၄ ပတ်ဆက်တိုက် ပြန်ကျဆင်းလာပြီး ဓာတ်ဆီ 92 Ron တလီတာကို ကျပ် ၂၇၀၀ အောက်ကို ရောက်ရှိလာပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေအရ ဓာတ်ဆီ 92 Ron တလီတာကို ၂,၆၇၀ ကျပ်၊ 95 Ron တလီတာကို ၂,၇၆၀ ကျပ်၊ ဒီဇယ်တလီတာကို ၂,၃၈၀ ကျပ်၊ ပရီမီယမ် ဒီဇယ် တလီတာကို ၂၉၀၀ ကျပ်ရှိပါတယ်။
လက်ရှိ ကျဆင်းလာတဲ့ လောင်စာဆီဈေးနှုန်းတွေဟာ ၂ လအတွင်း အနိမ့်ဆုံးဈေးတန်းကို ပြန်ရောက်ရှိလာတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ပထမပတ်အထိ တလီတာကို ကျပ် ၃၀၀၀ ဝန်းကျင်မှာပဲ အတက်အကျ ရှိနေခဲ့တာပါ။
ပြည်တွင်းစက်သုံးဆီဈေးတွေကို ကော်မတီက သတ်မှတ်ရာမှာ Singapore MOPS စျေးနှုန်းကို အခြေခံတာဖြစ်ပေမဲ့ လတ်တလောမှာ MOPS ဈေးက မြင့်တက်နေတာပါ။
စင်ကာပူ MOPS ဈေးမြင့်နေပေမဲ့ ဒေါ်လာလဲနှုန်း ကျဆင်းလာမှုကြောင့် ပြည်တွင်းဈေးနှုန်းတွေ ပြန်ကျလာတာလို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
ကမ္ဘာ့ဈေးကွက်မှာလည်း Brent ရေနံစိမ်းဈေးနှုန်းက အောက်တိုဘာ ၂၄ ရက်မှာ တစည်ကို အမေရိကန်ဒေါ်လာ ၆၆ ဝန်းကျင်ရှိနေပြီး၊ နှစ်ပတ်အတွင်း အမြင့်ဆုံးဈေးတန်းကို ရောက်ရှိနေပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာသန်း ၃၀ ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က ကြေညာထားပြီး၊ အခုလအတွင်း စုစုပေါင်း ဒေါ်လာသန်း ၁၁၂ လောက် ရောင်းချပေးပြီးဖြစ်ပါတယ်။










