DVB Logo
Home
ဆောင်းပါး
လေယာဉ်တစင်းပေါ်က အတွေး
DVB
·
October 25, 2025
လေယာဉ်တစင်းပေါ်က အတွေး
Donate to DVB

တခါတုန်းက ထိုင်းနိုင်ငံမှတဆင့် ဒိန်းမတ်နိုင်ငံကို လေယာဉ်နဲ့ ခရီးသွားနေစဉ် ကျနော် စိတ်ဝင်စားတဲ့  “ကီယက်ဖ်မြို့” ကလေးပေါ်  လေယာဉ်က ဖြတ်ပျံခဲ့ဖူးပါတယ်။

လေယာဉ်ခရီးစဉ်ပြ လမ်းကြောင်းက ခရီးသည်များအခန်းထိပ် တီဗွီဖန်သားပြင်ကြီးပေါ်မှာ တွေ့နေရပါတယ်။ လေယာဉ် စတင်ထွက်ခွာလာရာ လေဆိပ်ကတဆင့် လက်ရှိ ကိုယ်ရောက်နေရာအထိ လေယာဉ်လမ်းကြောင်းကို ပြနေတာပါ။

ကျနော်စီးလာတဲ့ လေယာဉ်က ယူကရိန်းနိုင်ငံ အဲဒီ “ကီယက်ဖ်မြို့” ကလေးပေါ်  ဖြတ်ပျံနေတဲ့အခိုက် ကျနော့်မှာ မဖော်ပြနိုင်လောက်အောင် စိတ်လှုပ်ရှားလာခဲ့ပါတယ်။ ဘာပြုလို့လဲဆိုတော့ ကျနော် အလေးအနက်ထား စိတ်ဝင်စားရတဲ့ ကဗျာဆရာ ၄ ယောက်က အဲဒီ ကီယက်မြို့ (ကိဖ် လို့လည်း အသံထွက်တာလည်း ရှိပါတယ်) ကလေးမှာ ကြီးပြင်းခဲ့ကြလို့ပါ။

လေယာဉ်ကြီး အဲဒီ ကီယက်ဖ်မြို့ကလေးပေါ် ဖြတ်ပြန်လာနေစဉ်မှာပဲ ကျနော်တို့ရဲ့ စာပေသစ်ခေါင်းဆောင် ကဗျာဆရာကြီး ဒဂုန်တာရာ ဒီမြို့လေးကို ရောက်ဖူးတာ သွားသတိရပြန်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ သွားတက်ရင်း ကီယက်ဖ်မြို့ကလေးကို ဆရာဒဂုန်တာရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ အလည်ရောက်ဖူးခဲ့တာပါ။

ဒါနဲ့ဆက်စပ်ပြီး ကျနော်တို့ မြန်မာစာဖတ်ပရိသတ်အများစုက ကွန်မြူနစ်အာဏာရှင်ကို ဘဝနဲ့ရင်းပြီး ဆန့်ကျင်ကြသူ အဲဒီကဗျာဆရာ ၄ ယောက်ကို သိပ်မသိကြဘူးလို့ ကျနော် ထင်ပါတယ်။ တချိန်က ဆိုဗီယက် ရုရှားနိုင်ငံကြီးမှာ ကွန်မြူနစ်အာဏာရှင် စတာလင် အာဏာရနေတဲ့အချိန် ယူကရိန်းကလည်း ဆိုဗီယက် ရုရှား အဝန်းအဝိုင်းထဲ ပါဝင်ခဲ့ရတဲ့ နိုင်ငံတနိုင်ငံပေါ့။ ကျနော် ပြောခဲ့တဲ့ ကဗျာဆရာ ၄ ယောက် ဆိုတာ ယူကရိန်းရဲ့ အဲဒီ ကီယက်ဖ်မြို့ကလေးမှာ ကြီးပြင်းခဲ့ကြသူတွေပါ။

ရုရှားမှာ ကျနော်တို့ မြန်မာစာဖတ်ပရိသတ် ရင်းနှီးတဲ့ ကဗျာဆရာက “မာယာကော်စကီး” တို့ “ယက်တူရှန်ကို” တို့ပါ။ ကျနော် အခုပြောနေတဲ့ ကဗျာဆရာ ၄ ယောက်ကို သိပ်မသိကြပါဘူး။ အဲဒီ ကဗျာဆရာလေးယောက်က “ဂူမီလက်”၊ “အိုစစ် မင်ဒယ်လ်စတန်း”၊ “မာရီယာ စဗက်ထရေဗာ” နဲ့ “အက်ခ်မာတော်ဗာ” တို့ ဖြစ်ပါတယ်။

သူတို့လေးယောက်ဟာ ရုရှား “Acmeist” အုပ်စုကို ခေါင်းဆောင်ခဲ့ကြသူတွေလို့ ယူဆကြပါတယ်။ အဲဒီအချိန်က ဆိုဗီယက် ရုရှားမှာ မာယာကော်စကီး ခေါင်းဆောင်တဲ့ ကွန်မြူနစ်စာပေဩဇာ အကြီးအကျယ် လွှမ်းမိုးနေတဲ့အချိန်ပေါ့။

ကွန်မြူနစ်စနစ်ကို ဆန့်ကျင်တဲ့ Acmeist အုပ်စုကို ကွန်မြူနစ်အာဏာပိုင်တွေက အကြီးအကျယ် ဖိနှိပ်ခဲ့ကြတာပဲ။ အဲဒီ ကဗျာဆရာ ၄ ယောက်အနက် ကဗျာဆရာ “အိုစစ် မင်ဒယ်လ်စတန်း” က ဆိုက်ဗေးရီးယား အလုပ်ကြမ်းစခန်း နှစ်ကြိမ် အပို့ခံရပြီး သေခဲ့ရပါတယ်။ ကဗျာဆရာမ “မာရီနာ စဗက်ထရေဗာ” က သူ့ကိုယ်သူ အဆုံးစီရင်သွားရပါတယ်။ ကဗျာဆရာမ “အက်ခ်မာတော်ဗာ” က နှစ် ၂၀ လောက် ကဗျာတွေ ပိတ်ပင်ခံရ၊ ဆိုဗီယက်ရုရှား စာပေသမဂ္ဂကြီးက ထုတ်ပယ်ခံရ တနိုင်ငံလုံးအနှံ့ ဆန့်ကျင်ရှုတ်ချပွဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ကျနော့်စိတ်ထဲ မရှင်းမလင်းဖြစ်နေတဲ့အချက်က ကျနော်တို့ မြန်မာဘာသာပြန်ဆရာတွေဟာ ကျနော်အခုပြောတဲ့ ကဗျာဆရာတွေ သူတို့ကဗျာတွေကို မြန်မာစာဖတ်ပရိသတ်နဲ့ ဘာပြုလို့များ မိတ်ဆက်မပေးနိုင်ခဲ့တာလဲ။ ကျနော် လက်လှမ်းမီသလောက်ဆိုရင် ဆရာမောင်သာနိုးက ကဗျာဆရာမ “အက်ခ်မာတော်ဗာ” ရဲ့ ကဗျာတပုဒ် ဘာသာပြန်ဆိုခဲ့တာပဲ တွေ့မိပါတယ်။ (သည့်ထက် အခြားဘာသာပြန်ထားတာရှိရင်တော့ ထောက်ပြဖြည့်စွက်ပေးကြပါခင်ဗျား)

အစကနေ ပြန်ကောက်ရရင် ကျနော်စီးလာတဲ့ လေယာဉ်ကြီး “ကီယက်ဖ်မြို့” ကလေးပေါ် ကျော်လာတဲ့အခါ ကျနော့်စိတ်ကတော့ ရုရှား Acmeist စာပေအုပ်စုခေါင်းဆောင်တွေလို့ သိထားကြတဲ့ အာဏာရှင်ဆန့်ကျင်ရေး ကဗျာဆရာလေးယောက် အကြောင်းကို တော်တော်နဲ့ အတွေးမျှင် မပြတ်နိုင်ခဲ့ပါဘူး။ သူတို့အထဲက ကဗျာဆရာ “အိုစစ် မင်ဒယ်လ်စတန်း” ဆိုရင် အာဏာရှင် စတာလင်ကို ဗြောင်အတိအလင်း ကဗျာရေးပြီး လှောင်ပြောင်လို့ ဆိုက်ဗေးရီးယားမဲဇာ အလုပ်ကြမ်းစခန်းတွေ အပို့ခံရတာ နှစ်ခါပါ။ ဒုတိယအကြိမ် အပို့ခံရတော့ မင်ဒယ်လ်စတန်းလည်း မထင်မရှားနဲ့ ကွယ်လွန်ရရှာတာပါပဲ။ ဒီအကြောင်းကိုတွေးတော့ ကျနော်တို့နိုင်ငံ အာဏာရှင် ဗိုလ်ချုပ်နေဝင်းကို ကဗျာတပုဒ်နဲ့ လှောင်ပြောင်ရေးဖွဲ့လို့ ထောင် နှစ်နှစ်အချခံခဲ့ရတဲ့ ကဗျာဆရာ ဝင်းလတ်ကိုလည်း တွေးမိပါသေးတယ်။

စတာလင်ကို လှောင်ပြောင် ရှုတ်ချ ရေးဖွဲ့သွားတဲ့ ကဗျာဆရာ “အိုစစ်မင်ဒယ်စတန်း” ရဲ့ ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။

ကရင်မလင်က ခေါင်းဆောင်ကြီး

ခံစားမှုမဲ့ နိုင်ငံအောက်မှာ

ငါတို့ နေထိုင်ကြ

ငါတို့စကားတွေ

ခြေလှမ်းဆယ်လှမ်းအကွာအထိပဲ ကြားရ။

မပြည့်မစုံ တဝက်တပျက်စကားဝိုင်းနဲ့

ကရင်မလင်က ခေါင်းဆောင်ကြီးရဲ့ နာမည်အရောက်

ပြောလက်စ စကား ဖြတ်ချထားလိုက်ကြရ။

တီကောင်တွေနဲ့တူတဲ့

သူ့ရဲ့ ကြီးမားတုတ်ခိုင်လှတဲ့ လက်ချောင်းများ

ဒါပေမဲ့

သူ့စကားလုံးတွေက ပိဿာလေးလို

တိကျခိုင်မာ။

သူ့ရဲ့ ပိုးဟပ်နှုတ်ခမ်းမွေး ရယ်သံ

ပြီးတော့ သူ့ရဲ့ ဘွတ်ဖိနပ်ပေါ်က ပြောင်လက်မှု။

အရေထူ လူ့ ဗာလံနံ လူပြိန်းခေါင်းဆောင်တအုပ်

သူ့ဘေးမှာ ဝိုင်းလျက်

သူက ဦးနှောက်တခြမ်းပဲရှိတဲ့သူတွေနဲ့ 

လှုပ်ရှား။

တချို့က လေချွန်ကြ

တချို့က ကြောင်အော်သလိုမြည်ကြ

တချို့က တရှုပ်ရှုပ်ငိုကြွေးကြ

ဒါပေမဲ့လည်း

သူ့အဖို့တော့ ထုပေးရိုက်ပေးလိုက်ရင်

ပြီးတာပါပဲ။

သူ့ရဲ့ အမိန့်ဒီဂရီတွေကို

မြင်းခွာရိုက်သလို သွန်းထု

တချို့ ပေါင်ခြံထဲက ရသွားကြတယ်

တချို့ နဖူးက ရသွားကြတယ်

တချို့ မျက်ခုံးကြားက ရသွားကြတယ်

တချို့ မျက်လုံးတွေထဲက ရသွားကြတယ်။

ဘယ်လို အပြစ်ဒဏ်ဖြစ်ဖြစ်

သူ ခတ်ပစေပေါ့

အို ဗလတောင့်တောင့် ကော့ဆက်ကောင်ကြီး။   ။

ဒီကဗျာကတော့ ရုရှားကဗျာဆရာ အိုစစ် မင်ဒယ်စတန်းရဲ့ နာမည်အကြီးဆုံးကဗျာပါ။ အာဏာရှင် စတာလင်ကို နာမည်တပ်ပြီးကို ရေးတဲ့ကဗျာပါ။

(Osip Mandelstam ရဲ့ Selected Poems ကဗျာစာအုပ်မှ ကဗျာကို မြန်မာဘာသာ ပြန်ဆိုပါတယ်။)

ငြိမ်းဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013