DVB Logo
Home
မြန်မာသတင်း
ရွှေကုက္ကိုလ် ကျားဖြန့်‌ခေါင်းဆောင် ရှီကျိကျန်းကို ထိုင်းက တရုတ်ထံလွှဲပေးမည်
DVB
·
October 24, 2025
ရွှေကုက္ကိုလ် ကျားဖြန့်‌ခေါင်းဆောင် ရှီကျိကျန်းကို ထိုင်းက တရုတ်ထံလွှဲပေးမည်
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက် ခလောင်းပဲန်အကျဉ်းထောင်မှာ အွန်လိုင်းလောင်းကစားမှုနဲ့ အကျဉ်း ကျခံနေရတဲ့ ရွှေကုက္ကိုလ်မြို့သစ်ထူထောင်သူ အွန်လိုင်းလိမ်လည်မှုကျားဖြန့် အဓိက ခေါင်းဆောင် တယောက်ဖြစ်တဲ့ ရှီကျိကျန်းကို တရုတ်အာဏာပိုင်တွေလက်ထဲ လွှဲပေးဖို့ ပြင်ဆင်နေတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တရုတ်နိုင်ငံက အလိုရှိနေတဲ့ ဝရမ်းပြေး ကျားဖြန့်သူဌေးကြီး ရှီကျိကျန်းဟာ ထိုင်းမှာ အကျဉ်းကျနေတာဖြစ်ပြီး  ပြန်လည်လွှဲပြောင်းပေးဖို့ တရုတ်အစိုးရက ပြီးခဲ့တဲ့ ၂၀၂၃ ခု မေ ၂၅ ရက်က တောင်းဆိုခဲ့တာပါ။ 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး   ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက  ၂၀၀၈ ခုနှစ် ရာဇဝတ်သားများ လွှဲပြောင်းပေးအပ်ရေး ဥပဒေအရ  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်မှုမ ရှိကြောင်း၊  သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနသို့  လွှဲပြောင်းပေးအပ်ရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာ စီရင်ဆုံးဖြတ်ခဲ့တယ်လို့ ထိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရဲမှူးကြီး ပရဝုဒ်ဝုန်းဆီနင်းက သတင်းထောက်တွေကို ပြောပါတယ်။  

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ သူ့ကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမဲ့   ရှီကျိကျန်းရဲ့ ရှေ့နေတွေက  သူ့ကို တရုတ်ပြည်ပြန်မပို့ဖို့ နိုင်ငံသားလုံခြုံရေးဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မတွေစွဲကိုင်ပြီး  ဗဟိုတရားရုံးချုပ်ကို အယူခံဝင်ထားတာကြောင့်  ဗဟိုတရားရုံးချုပ်ရဲ့  စီရင်ဆုံးဖြတ်ချက်ကို ထပ်မံစောင့်ဆိုင်းရမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ရှီကျိကျန်း ကိုယ်တိုင်ကလည်း သူဟာ တရုတ်ပြည်ရောက်သွားရင် သေဒဏ်အပြစ် ပေးခံရနိုင်တယ်၊  ဘာကြောင့်လဲဆိုတော့ သူဟာ အရင်က တရုတ်နိုင်ငံရဲ့ သူလျှိုဖြစ်ခဲ့တယ်၊ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်အချို့ ပေါက်ကြားမှုမှာ ပတ်သက်တယ်ဆိုပြီး တရုတ်အစိုးရက စွပ်စွဲထားတယ်။  သူဟာ ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားတာကြောင့် ကမ္ဘောဒီးယား အစိုးရထံသာ လွှဲပြောင်းပေးဖို့  မိသားစုဝင်တွေ ထောင်ဝင်စာသွားတွေ့ချိန် ဗွီဒီယိုဖိုင်ကနေ တောင်းဆိုထားပါတယ်။

Yatai International Holding Group  ရဲ့ ဥက္ကဋ္ဌ လက်ရှိ အသက် ၄၃ နှစ်အရွယ် ရှီကျိကျန်းဟာ တရုတ်နိုင်ငံ ဟူနန်ဒေသက ဆင်းရဲနွမ်းပါးမိသားစုမှ မွေးဖွားလာသူဖြစ်ပေမဲ့ လေ့လာသင်ယူမှု အားကောင်းတာကြောင့် ကွန်ပြူတာကျွမ်းကျင်သူဖြစ်လာတယ်။ သူ့ရဲ့ လောင်းကစားလုပ်ငန်းကတော့  လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖိလစ်ပိုင်နိုင်ငံ မြေအောက်ထီလုပ်ငန်း ပလက်ဖောင်းကနေ စတင်ခဲ့တယ်၊ အဲဒီနောက် ဝက်ဘ်ဆိုက်ဖွင့်ပြီး အွန်လိုင်းလောင်းကစားတာ ထူထောင်တယ်။ တရုတ်နိုင်ငံသားတွေရဲ့ ငွေကြေးအမြောက်အမြားကို ဆုံးရှုံးစေခဲ့တယ်၊  တရုတ်အာဏာပိုင်တွေရဲ့  စောင့်ကြည့်ခြင်းကို ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

၂၀၁၄ ခုနှစ်မှာ သူဟာ ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့နေထိုင်ပြီး ကော်ကုန်းကျွန်းပေါ်မှာ ကာစီနိုရုံတွေ၊ ဖျော်ဖြေရေးကလပ်တွေ ဖွင့်လှစ်ခဲ့တယ်၊ ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့ သင့်မြတ်အောင် ပေါင်းသင်းနိုင်တာကြောင့် အဲဒီနှစ်မှာပဲ  ကမ္ဘောဒီးယားနိုင်ငံသား မှတ်ပုံတင်ရခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီခရိုင်ရှိ  စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေထဲမှာ ရင်းနှီးမြှုပ်နှံမှု ဘတ်သန်းပေါင်း ၅၀၀,၀၀၀ ကျော် ကုန်ကျတဲ့ ရွှေကုက္ကိုလ် အထူးစီးပွါး‌ရေးဇုန်ကြီးကို ဦးဆောင်တည်ဆောက်ခဲ့တယ်။ အဲဒီမှာ ဟိုတယ်၊ ကေတီဗွီ ၊ ကာစီနိုလောင်းကစားရုံ၊  အပန်းဖြေအဆောက်အအုံ၊ ဈေးဝယ်စင်တာတွေ ရှိပြီး နောက်ပိုင်းမှာ  ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူးခံရသူတွေ၊ အတင်းအဓမ္မခိုင်းစေ ကျွန်ပြုမှုတွေ၊ လောင်းကစားမှု ဒုစရိုက်လုပ်ငန်းတွေတည်ရှိရာ နေရာအဖြစ် နာမည်ထွက်ပေါ် လာပါတယ်။

ရှီကျိကျန်းကို  တရုတ်နိုင်ငံသားတွေ ဘတ်သန်းပေါင်း ၅၀၀၀ ထိ ဆုံးရှုံးအောင် လိမ်လည်မှုနဲ့  အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့က ၂၀၂၁ ခု၊ မေ ၂၁ ရက်က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ 

သူဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခု ဩဂုတ် ၁၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင် တချို့နဲ့ ညစာစားပွဲတက်ရောက်နေစဉ် ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ 

ထိုင်းရာဇဝတ်တရားရုံးက သူ့ကို တရုတ်နိုင်ငံလွှဲပြောင်းဖို့  ၂၀၂၃ ခု မေလမှာ အမိန့်ချမှတ်ခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ရှေ့နေတွေက အဆိုပါစီရင်ဆုံးဖြတ်ချက်ဟာ  လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ဆိုပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အသနားခံစာ တင်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ အခု အောက်တိုဘာ ၂၂ ရက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အဲဒီဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မဆန့်ကျင်ကြောင်း စီရင်ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ 

Source:  Thestandard / Thairath / MCOT News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013