
တရုတ်ရဲတပ်ဖွဲ့ဟာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ စီးပွားရေးဆိုင်ရာ တရားခံပြေး ၈၈၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအထဲမှာ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) က အနီရောင်အဆင့် ထုတ်ပြန်ထားတဲ့ နိုင်ငံတကာတရားခံပြေး ၃၈ ယောက်လည်း ပါဝင်နေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဌာနရဲ့ စီးပွားရေးရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူး ဟွာလိပင်းက ပြောပါတယ်။
ဒီဖမ်းဆီးမှုတွေကို ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဧပြီလကုန်အထိ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်ပကို ထွက်ပြေးနေတဲ့ စီးပွားရေးတရားခံပြေးတွေကို ပစ်မှတ်ထား နှိမ်နင်းတဲ့ တရုတ်နိုင်ငံရဲ့ “မြေခွေးအမဲလိုက်ခြင်း”လို့ခေါ်တဲ့ အထူးစစ်ဆင်ရေးအောက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီကာလအတွင်းမှာပဲ တရုတ်ရဲတပ်ဖွဲ့ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေး ရာဇဝတ်မှုပေါင်း ၁၂၈,၀၀၀ ကို ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့ပြီး စီးပွားရေးအရ ဆုံးရှုံးနစ်နာခဲ့ရတဲ့ ငွေကြေး ယွမ် ၃၇ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၈ ဘီလီယံလောက်) ကို ပြန်လည် အဖတ်ဆယ်နိုင်ခဲ့တယ်လို့ ဟွာလိပင်းက ဆိုပါတယ်။
ဒါ့အပြင် တရားမဝင် ရရှိထားတဲ့ ငွေကြေးတွေကို ပြည်ပကို လွှဲပြောင်းဖို့အတွက် ကမ်းလွန်ကုမ္ပဏီတွေနဲ့ မြေအောက်ဘဏ်တွေကို အသုံးပြုနေတာကို နှိမ်နင်းတဲ့အနေနဲ့ အမှုပေါင်း ၁,၆၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒေသအသီးသီးကို ချိတ်ဆက်ထားတဲ့ မြေအောက်ဘဏ် ကွန်ရက်ပေါင်း ၁၀၀ ကျော်ကိုလည်း ဖြိုခွဲနိုင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဝန်ကြီးဌာနအနေနဲ့ ၂၀၂၅ ခုနှစ်ကစလို့ ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ စီးပွားရေးရာဇဝတ်မှုတွေထဲက တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊ ငွေကြေးခဝါချမှုနဲ့ ငွေစက္ကူအတုပြုလုပ်မှု စတဲ့နယ်ပယ်တွေ အပါအဝင် ထင်ရှားတဲ့ စံပြအမှုတွဲ ၂၀ ခုကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။
Source: Reuters










