
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို အောက်တိုဘာ ၂၃ ရက်ညမှာ စစ်တပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ပြီး အောက်တိုဘာလအတွင်း ၅ ကြိမ် အထိ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “လူထိတာမရှိဘူးလို့ လောလောဆယ် သိရတယ်။ အဆောက်အအုံပေါ် ကျတာ မဟုတ်ဘူး” လို့ ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်က “နမ္မတူ လေယာဉ်ကြဲသွားပြီ။ အောက်တိုဘာ ၂၃ ရက် ည ၉ နာရီမှာ ဗုံး ၄ လုံး လိပ်ပြာတောင်က အိမ်စိမ်း အပါနဲ့ အနီးတဝိုက်” လို့ ပြောပါတယ်။
သတလရပ်ကွက် အိမ်စိမ်းက အရင်တုန်းက အရာရှိတွေတည်းတဲ့ ဗိုလ်တဲဖြစ်ပြီး ဗုံး ၄ လုံးစလုံး အဲဒီဘက်နားကျတာလို့ ဆိုပါတယ်။
နမ္မတူမြို့ကို အောက်တိုဘာလ ၂၃ ရက်နေ့ည ၈ နာရီ ၄၉ မိနစ်မှာ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း SSPP ဘက်ကလည်း သတင်း ထုတ်ပြန်ထားပါတယ်။
PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း နမ္မတူမြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့ည ၈ နာရီ ၅၀ မိနစ်လောက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
DVB က ရရှိထားတဲ့ စာရင်းအရ နမ္မတူမြို့ကို စစ်တပ် အောက်တိုဘာ ၂၊ ၆၊ ၇၊ ၁၇ နဲ့ ၂၃ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး အပါအဝင် ဒေသခံ ၃ ယောက် သေဆုံး၊ ၁၀ ယောက် ရရှိခဲ့ပြီး ကား၊ နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။











