DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ မက်လုံးများအောက်တွင် ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေး ပျက်ပြယ်
DVB
·
October 24, 2025
စစ်တပ်၏ မက်လုံးများအောက်တွင် ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေး ပျက်ပြယ်
Donate to DVB

ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ခွင့်ရမယ်ဆိုတဲ့ စစ်တပ်ရဲ့ မက်လုံးတွေအောက်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက  ပျက်ပြယ်သွားပြီလို့  ကရင်စစ်ရေးလေ့လာသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင် ၄ ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီကိုဖွဲ့စည်းပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ တဖက်မှာလည်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်နဲ့အတူ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)ဗိုလ်ဘိအဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်နေပါတယ်။

တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရမယ်ဆိုတဲ့ မက်လုံးအောက်မှာ ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက  ပျက်ပြယ်သွားတယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “လက်နက်ကိုင် ၄ ဖွဲ့ ဒီတော်လှန်ရေးမှာ ပါဝင်မယ်။ KNU နဲ့တစည်းတလုံးတည်းရှိတယ်ဆိုတာတွေကိုပြောခဲ့ပေမဲ့ လက်ရှိ DKBA နဲ့ BGF ဧရိယာထဲမှာ ရှိနေတဲ့  ကျားဖြန့်ခေါ်တဲ့ ဒီလောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးကရနေတဲ့ အကျိုးအမြတ်တွေ ချိန်ခွင်ထဲ ထည့်ချိန်လိုက်မယ်ဆိုရင် လက်ရှိတော်လှန်ရေးမှာ ပါဝင်တာထက် တဘက်က စကမက ပေးတဲ့အခွင့်အရေးဖြစ်တဲ့ ဒီလောင်းကစားတွေ၊ တရားမဝင်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို  ဦးဆောင်ခွင့်၊ ကြီးကြပ်ခွင့်ရမယ်။ လုပ်ပိုင်ခွင့်ရမယ်ဆိုတဲ့ မက်လုံးအောင်မှာပဲ ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက  ပျက်ပြယ်သွားတယ်လို့ပဲ မြင်တယ်”လို့ ပြောပါတယ်။

ဒါအပြင် စစ်တပ်က ပြုလုပ်မယ် ရွေးကောက်ပွဲကို ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA)၊  ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့က ထောက်ခံပြီး ကာကွယ်သွားမယ်လို့ ပြောဆိုထားပါတယ်။

ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက  လူကြားကောင်းအောင် ပြောနေတာဖြစ်ပြီး ကိုယ်စီ ကိုယ့်ကျိုးစီးပွားရှာဖို့ပဲ အာရုံစိုက်နေတာလို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတဖွဲ့ရဲ့  ခေါင်းဆောင်က ပြောပါတယ်။

ကရင်အရပ်ဖက်အဖွဲ့အစည်းတခုရဲ့ ဥက္ကဋ္ဌက “ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်း သွေးစည်းညီညွတ်ရေးဆိုတာက နာမည်ကြားကောင်းအောင်ပြောတဲ့ စကားလုံးလောက်ပဲရှိတယ်။ အမှန်တော့ ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံးက ကိုယ်စီကိုယ်စီ ကိုယ့်ကျိုးစီးပွားရှာဖို့ပဲ အာရုံစိုက် ကြတာလေ။ လွတ်လွတ်လပ်လပ် သူတို့လုပ်ချင်တာလုပ်နိုင်ဖို့အတွက်ကို ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ။ ကရင်အမျိုးသားကိုလည်း ကိုယ်စားပြုမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့အတူ DKBA ဗိုလ်ဘိအဖွဲ့၊  BGF က ပူးပေါင်း တိုက်ခိုက်နေပါတယ်။

အကျိုးစီးပွားအတွက် စစ်ကောင်စီအလိုကျ ရပ်တည်နေတာကို ပြတ်သားဖို့လိုပြီး မပြတ်သားရင် ခံရမယ်လို့ KNLA တပ်မဟာ ၅  ပြောခွင့်ရသူ  ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“စစ်အာဏာရှင် အဆုံးမသတ်ခင်မှာ သူတို့က တကယ်ပဲ စစ်အာဏာရှင်ဘက်မှာ ရပ်တည်နေမယ်ဆိုရင် ကျနော်တို့အနေနဲ့ သူတို့ကို စစ်အာဏာရှင်လူပဲ တခါတည်း  ထင်ထင်ရှားရှား တဖွဲတည်း ပြတ်ပြတ်သားသား သတ်မှတ်ရမယ်။ သူတို့က သူတို့ရဲ့အကျိုးစီးပွားနဲ့ စစ်ကောင်စီကို ကပ်ပြီးတော့ စစ်ကောင်စီရဲ့အလိုကျ လိုက်ပြီးတော့ ကျနော်တို့ကို လာတိုက်သလို သူတို့က အမြဲတမ်း ဝိုင်းဝန်းကူညီပြီးတော့  တိုက်မယ်ဆိုလိုရင် ဒါက ကျနော်တို့မပြတ်သားရင် ကျနော်တို့ပဲခံရမယ်။”

၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သယုကျိုးကျေးရွာမှာ ဒုတိယအကြိမ် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနဲ့ လူထုတွေ့ဆုံ ဆွေးနွေးခဲ့ ပြီးနောက် ထပ်မံဆွေးနွေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။  

လက်ရှိဖြစ် ပွားနေတဲ့ တိုက်ပွဲတွေအတွင်း (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ်(BGF)က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး KNU လက်အောက်ခံ စစ်ကြောင်းတွေကို ပြန်လည်တိုက်ခိုက်နေတာ သိရှိ မြင်တွေ့ရပေမဲံ လက်ရှိတိုက်ပွဲတွေဟာ နိုင်ငံရေးအခင်းအကျင်းကြောင့်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲံ (KNU/KLNA-PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ ပြန်လည်တိုက်ခိုက်တာတို့ ဘာတို့ကတော့ ဒါကတော့ ကျနော်အနေနဲ့ သေသေချာချာ သိရှိ မြင်တွေ့ရတာတော့ မရှိပါဘူး။ အဲဒီ သတင်းတွေက ဘယ်လိုရရှိလာသလဲဆိုတော့ ကျနော်အနေနဲ့အတိအကျတော့ မပြောနိုင်ဘူး။ မီဒီယာတွေမှာ ရေးသားဖော်ပြတာတို့ ပြောဆိုတာတွေတော့ ကြားတာတော့ ရှိပါတယ်။ အမြင်မတူမှုတွေ ဖြစ်ပေါ်တာတော့ မဟုတ်ပါဘူး။ တနိုင်ငံလုံးဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းကြောင့်၊ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒီအခြေအနေရောက်ရှိလာတာ။”

လက်ရှိ စစ်တပ်နဲ့ ပူးပေါင်းနေတာကို  ဝင်ပြောရင် သူတို့ နားထောင်မှာ မဟုတ်လို့ ဝေဖန်သုံး သပ်လို့မရပေမဲ့ လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက အလှမ်းဝေးနေဦးမယ်လို့ ကရင်ပါတီ တခုဖြစ်တဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)  ဥက္ကဋ္ဌက ပြောပါတယ်။ 

လက်နက်ကိုင် ၄ ဖွဲ့ အချင်ချင်းကြား ထိပ်တိုက်ရင်ဆိုင်တာထက် တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အခင်းအကျင်းကိုပဲ အဓိကဆွေးနွေးရသေးတယ်လို့ DKBA ဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ပေါင်းစည်းရေးအကန့်ကို ဘာမှ မလုပ်ရသေးပါဘူး။ ကျနော်တို့က ဘယ်လိုပြောမလဲ။ ကျနော်တို့တဖွဲ့နဲ့ တဖွဲ့အချင်ချင်းဟာ ပြဿနာတွေဖြစ်လို့ရှိရင် ထိပ်တိုက်ရင်ဆိုင်တာထက်စာရင် တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အခင်းအကျင်းကိုပဲ အဓိကဆွေးနွေးကြတယ်။ ပေါင်းစည်းရေးအကန့်ကို ဘာမှ မလုပ်ရသေးဘူး။ ဖြစ်စေချင်တဲ့ဟာတွေက စိတ်ထဲမှာရှိတယ်။ လက်တွေ့မှာ ပါးစပ်နဲ့ပြောဖို့ အဆင်မပြေသေးဘူး။ လက်တွေ့နဲ့ပဲ နောက်ဆုံး တွေ့ဆုံဆွေးနွေးမှုပဲ လိုမယ်။”

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ဒါပေမဲ့ ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေးကြိုးစားနေတာ ၁၀ နှစ်တာကြာမြင့်လာပြီမို့ ကြိုးစားနေဆဲနဲ့ အောင်မြင်မှု အနည်းငယ် မြင်တွေ့လာပြီဖြစ်လို့  အခြေအနေကောင်းလာဖို့ပဲရှိတယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်စောချစ်သူက DVB ကို ပြော ပါတယ်။

မြဝတီမြို့တောင်ဘက်၊ သောင်းရင်းမြစ်ကမ်း တလျှောက်၊ တရုတ်နိုင်ငံသားတွေ ရင်းနှီးမြုပ်နှံထားတဲ့ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို  ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့  ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)က လုပ်ကိုင်ခွင့်ပြုထားတဲ့အပြင် လုံခြုံရေး အကာအကွယ် ပေးထားပါတယ်။ 

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013