DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားက AI နှင့်ဆက်စပ်ပြီး ဒေါ်လာ ၈၈၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
DVB
·
July 1, 2026
Photo: AGENCY POOL
Photo: AGENCY POOL
Donate to DVB

လာမဲ့နှစ်တွေမှာ AI ဉာဏ်ရည်တုနည်းပညာနဲ့ ချစ်ပ်ပြားထုတ်လုပ်နိုင်စွမ်း တိုးချဲ့တည်ဆောက်ဖို့ တောင်ကိုရီးယားနိုင်ငံက အနည်းဆုံး ဒေါ်လာ ၈၈၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမဲ့ အစီအစဉ်တွေကို ကြေညာလိုက်ပါတယ်။

ဒါဟာ ဒေတာစင်တာတွေ၊ ချစ်ပ်ထုတ်လုပ်ရေး ဗဟိုချက်နေရာတွေနဲ့ စက်ရုပ်တီထွင်အသုံးချမှု နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားမဲ့ အကြီးစားစီမံကိန်း (Mega Projects) ၃ ခုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

အဲဒီစီမံကိန်းကနေ တောင်ကိုရီးယားမြို့တော် ဆိုးလ်ပြင်ပမှာရှိနေတဲ့ ဒေသအလိုက် စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ထားတယ်ဆိုပြီး သမ္မတ အီဂျယ်မြောင်က ပြောကြားပါတယ်။

ဇွန် ၂၉ ရက်က တောင်ကိုရီးယားအတွက် အကြီးမားဆုံး ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Samsung နဲ့ SK Hynix ရဲ့ အကြီးအကဲတွေနဲ့အတူ သမ္မတ အီ ကိုယ်တိုင် ကြေညာခဲ့တာပါ။

တချိန်တည်းမှာ အဆင့်မြင့်နည်းပညာသုံး စက်ရုံအများစု တည်ရှိတဲ့ ဆိုးလ်မြို့ရဲ့ အပြင်ဘက်မှာ AI အခြေခံအဆောက်အအုံ နေရာအသစ်တွေ တည်ဆောက်မဲ့ အစီအစဉ်လည်း ပါဝင်လာတာ တွေ့ရပါတယ်။

AI နည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ တပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) ချစ်ပ်လိုအပ်ချက် မြင့်မားလာတာကြောင့် ထိုင်ဝမ်၊ တရုတ်နဲ့ ဂျပန် စတဲ့ ဒေသတွင်း ပြိုင်ဘက်တွေကလည်း အလားတူ ရင်းနှီးမြှုပ်နှံမှုတွေကို အကြီးအကျယ် ပြုလုပ်နေပါတယ်။

အခုနှစ်ထဲမှာ Google ၊ Amazon နဲ့ Meta လိုမျိုး အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတွေကပါ ဒေါ်လာ ၆၅၀ ဘီလီယံ ပမာဏကို AI အတွက်  ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး အတည်ပြုထားပါတယ်။

ဒါကြောင့် မေလထဲမှာဆိုရင် SK လုပ်ငန်းစုရဲ့  စတော့ဈေးကွက်တန်ဖိုးက ဒေါ်လာ တစ်ထရီလီယံနဲ့ အထက် ရောက်လာခဲ့ပြီး Samsung ကို ကျော်ဖြတ်ကာ တောင်ကိုရီးယားရဲ့  တန်ကြေးအကြီးဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

လောလောဆယ် AI အတွက် လိုအပ်တဲ့ ချစ်ပ်ဝယ်လိုအား မြင့်တက်နေတဲ့အလျောက် ကမ္ဘာတဝန်းမှာ တပိုင်းလျှပ်ကူးပစ္စည်းတွေ ရှားပါးလာတဲ့အပြင် လျှပ်စစ်ထုတ်ကုန် ဈေးနှုန်းတွေပါ ကြီးမြင့်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013