DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ လအတွင်း ပြည်သူ ၆၀ ခန့်သေဆုံး 
DVB
·
October 22, 2025
မိုးကုတ်မြို့ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ လအတွင်း ပြည်သူ ၆၀ ခန့်သေဆုံး 
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က သြဂုတ်နဲ့ စက်တင်ဘာ ၂ လအတွင်း လေကြောင်းကနေ ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ အယောက် ၆၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ DVB က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲနေတာမှာ မိုးကုတ်မြို့ အရှေ့ပိုင်း ကန်တော်ရပ်ကွက်မှာရှိတဲ့ ဖူဆယ်ဘောလုံးကွင်းကို အောက်တိုဘာ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘောလုံးကစားနေတဲ့ ကလေး ၃ ယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ 

ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေကတော့ မိုးကုတ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပိတ်စွယ်ရပ်ကွက်အနီး ရှမ်းကျောင်းအနောက်တောထဲကိုလည်း အောက်တိုဘာ ၂၁ ရက် ညနေ ၃ နာရီလောက်မှာ ဗုံးတလုံးကြဲချခဲ့ပြီးနောက် ၉ မိနစ်အကြာမှာ ဖူဆယ်ဘောလုံးကွင်းကို ထပ်မံလာကြဲခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်က မိုးကုတ်မြို့ကို အောက်တိုဘာလအတွင်း လေကြောင်းကနေ အခုတကြိမ် အပါအဝင် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အခုတကြိမ်မှာ လူသေဆုံးထိခိုက်တာတွေ ရှိခဲ့တာလို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးသွားခဲ့သူတယောက်က “အရင်ဆုံး မြင်ရတာက ပျက်စီးသွားတဲ့ ပြည်သူ့အိုးအိမ်တွေ မြင်ရတယ်။ ကျနော်တို့ ကယ်ဆယ်ခဲ့ရတာက ပြည်သူတွေပဲ ဖြစ်ပါတယ်။ အဓိကပစ်မှတ်ကို ပစ်လိုက်ပြီဆိုရင် ဘယ်အဖွဲ့စည်းနေရာကိုမှ မထိဘူး။ ထိတဲ့ ကျတဲ့ နေရာတွေက ပြည်သူတွေရဲ့ နေရာတွေချည်းပါပဲ” လို့ ပြောပါတယ်။

မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပေမဲ့ လမ်းခရီး အဆင်မပြေတဲ့အတွက် ဒေသခံတွေဟာ မြို့ကနေ ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

မိုးကုတ်မြို့ခံတယောက်က “ဗုံးခိုကျင်းတွေ မလုပ်ထားတော့ ကိုယ့်အတွက် လုံခြုံတဲ့နေရာ မခံစားရဘူး။ ဘယ်ပြေးလို့ ပြေးရမလဲ မသိရဘူး။ လေယာဥ်လာတာနဲ့ လက်တွေ ရင်တွေတုန်၊ ပြီးရင် ခြေထောက်ကလည်း ပျော့သွားတာ။ ကိုယ့်နားကျရင်လည်း ဘယ်အချိန် ဘယ်လိုဖြစ်သွားလဲ သိမှာမဟုတ်တဲ့ အခြေအနေ။ သူတို့က ပွိုင့်တွေနားကို ချက်ချင်းချပြီး ချက်ချင်းပြန်တဲ့ အနေထားဆိုတော့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖားရွာအနီးက ကြက်ခြံကို ‌အောက်တိုဘာ ၂၀ ရက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့ပေမဲ့ လူထိခိုက်မှု မရှိခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ သီပေါမြို့တွေကို စစ်တပ်က ပြန်လည်သိမ်းပိုက် ထိမ်းချုပ်ပြီးနောက် မိုးကုတ်မြို့ကို ပြန်ရဖို့ စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီတပ်တွေဟာ မိုးကုတ်မြို့နဲ့ မိုင် ၅၀ အကွာမှာ ရောက်ရှိနေပြီး မိုးကုတ်မြို့ထဲကို လေကြောင်းကနေပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013