DVB Logo
Home
နိုင်ငံတကာ
ရာဇ၀တ်ဂိုဏ်းများက လူငယ်များကို ပစ်မှတ်ထားနေဟု တောင်ကိုရီးယားအမတ် ပြော
DVB
·
October 22, 2025
ရာဇ၀တ်ဂိုဏ်းများက လူငယ်များကို ပစ်မှတ်ထားနေဟု တောင်ကိုရီးယားအမတ် ပြော
Donate to DVB

ခေတ်မီနည်းပညာတွေကို အသုံးချနေတဲ့ ရာဇ၀တ်အဖွဲ့အစည်းတွေဟာ အလုပ်အကိုင်အတွက် စိတ်အားထက်သန်နေတဲ့ အင်အားနည်းသူတွေကို ပစ်မှတ်ထားတာဖြစ်ကြောင်း တောင်ကိုရီးယား ဥပဒေပြုအမတ် ဘတ်ချန်းဒယ်က အောက်တိုဘာ ၂၀ ရက် အင်တာဗျူးမှာ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အာဏာရ ဒီမိုကရက်တစ်ပါတီမှ ဘတ်ချန်းဒယ်ဟာ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ အသက် ၂၀ ကနေ ၃၀ အတွင်း အများစုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံသား ၁၆ ယောက်ကို ကယ်ဆယ်ရာမှာ အကူအညီပေးခဲ့သူဖြစ်ပြီး ဒီကိစ္စမှာ ရောယှက်ပါဝင်နေတာက စီးပွားရေးအခွင့်အလမ်း နည်းပါးနေတဲ့ လူငယ်တွေ ဖြစ်နေတာပါလို့ ဆိုပါတယ်။

အဲဒီ တောင်ကိုရီးယားနိုင်ငံသား ၁၆ ယောက်ထဲက ၃ ယောက်ရဲ့ မိသားစုဝင်တွေဟာ အမတ် ဘတ်ချန်းဒယ်ရဲ့ ရုံးခန်းကို ဆက်သွယ်လာခဲ့ပြီး သူတို့ရဲ့ ချစ်ရသူတွေကို ကယ်တင်ပေးဖို့ အကူအညီ တောင်းခံခဲ့ကြကြောင်း ဘတ်ချန်းဒယ်က ပြောကြားခဲ့ပါတယ်။

အမတ် ဘတ်ချန်းဒယ်က “ကျနော်တို့က သူတို့ကို အံ့ဩစရာကောင်းအောင် ကယ်တင်နိုင်ခဲ့တာကတော့ သူတို့ဟာ သိပ်သတ္တိရှိကြပြီး စွန့်စွန့်စားစားနဲ့ ကျနော်တို့ကို ရအောင် အဆက်အသွယ် လုပ်ခဲ့တာကြောင့်ပါ။ တရားဝင်စနစ်/လမ်းကြောင်း တခုခုကနေ လုပ်တာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ထိခိုက်နစ်နာခဲ့သူတွေဟာ သူတို့ရဲ့ တည်နေရာ အချက်အလက်တွေကို သူနဲ့ လျှို့ဝှက်စွာ မျှဝေခဲ့ကြောင်းလည်း ဆိုပါတယ်။

အမတ် ဘတ်ချန်းဒယ်က “တည်ဆဲဥပဒေအရ ပြန်ပေးဆွဲမှုနဲ့ ချုပ်နှောင်ထားမှုလိုမျိုး အရေးပေါ်ကိစ္စတွေအတွက် မြန်မြန်ဆန်ဆန် တုံ့ပြန်လုပ်ဆောင်ဖို့က ခက်ခဲပါတယ်။ စုစုပေါင်း လူ ၁၆ ဦးကို ကယ်တင်ပြီးနောက်မှာ ကျနော်ဟာ ကောင်စစ်အကူအညီဆိုင်ရာ ဥပဒေတရပ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဥပဒေရဲ့ အဓိကအချက်က အစီရင်ခံစာကို စောင့်ဆိုင်းနေရမယ့်အစား ကောင်စစ်ဝန်တွေနဲ့ တခြားသူတွေကို အရင်လုပ်ဆောင်ခွင့်ပေးတဲ့စနစ် ရှိသင့်တယ်ဆိုတဲ့ အက်ဥပဒေကို တင်သွင်းခဲ့တာပါ” လို့ ပြောပါတယ်။

ကမ္ဘောဒီးယားမှာ လစာကောင်းတဲ့ အလုပ်အကိုင်ရမယ် ဆိုပြီး သွေးဆောင်ခံရတဲ့ တောင်ကိုရီးယား တက္ကသိုလ်ကျောင်းသား သေဆုံးမှု ဖြစ်ပွားအပြီးမှာ တောင်ကိုရီးယားအစိုးရဟာ ကမ္ဘောဒီးယားနိုင်ငံမှာ အတင်းအကျပ် ခိုင်းစေခံနေရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ပြန်ခေါ်နိုင်ရေး လုပ်ဆောင်ခဲ့တာပါ။

သေဆုံးသူ ကျောင်းသားကို တွေ့ရှိခဲ့ရပြီး ၇၄ ရက်အကြာ အောက်တိုဘာ ၂၁ ရက်မှာတော့ သူ့ရုပ်အလောင်းဟာ တောင်ကိုရီးယားနိုင်ငံရှိ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူဟာ အွန်လိုင်းငွေလိမ်စင်တာနဲ့ ဆက်စပ်နေတဲ့အမှုမှာ သေဆုံးတဲ့အထိ နှိပ်စက်ခံခဲ့ရကြောင်း တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားသံရုံးက ရိုက်တာကို မှတ်ချက်မပေးခဲ့ပါဘူး။ မကြာသေးမီက ဖမ်းဆီးချုပ်နှောင်မှုနဲ့ အလုပ်အကိုင် လိမ်လည်မှုတွေ တိုးမြင့်လာမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ တချို့နယ်မြေ အစိတ်အပိုင်းတွေကို ခရီးသွားလာခွင့် တားမြစ်ချက် “ကုဒ်-အနက်ရောင်” ကို တောင်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013