DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ကင်းထောက်လှမ်းသည့် Spy Balloon များ စတင်သုံးစွဲလာ
DVB
·
October 22, 2025
စစ်တပ်က ကင်းထောက်လှမ်းသည့် Spy Balloon များ စတင်သုံးစွဲလာ
Donate to DVB

အာဏာသိမ်းစစ်တပ်ဟာ အခုရက်ပိုင်းအတွင်း မြန်မာပြည်အလယ်ပိုင်းက မြို့နယ်တချို့မှာ ကင်းထောက်လှမ်းတဲ့ Spy Balloon မိုးပျံပူဖောင်းတွေ စတင်သုံးစွဲလာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ မြိုင်မြို့နယ်အနောက်မြောက်ပိုင်းက တချို့နေရာတွေမှာ အခု အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်တပ်က လွှတ်တင်တဲ့ အဲဒီ Spy Balloon စပြီးမြင်တွေ့ရတာ” လို့ ပြောပါတယ်။

အဆိုပါ Spy Balloon တွေကို စစ်ကောင်စီတပ်လက်အောက်ခံ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲကနေ လွှတ်တင်နေတာလို့ ဆိုပါတယ်။

ဘုတလင်မြို့နယ် ပကဖတာဝန်ခံ ကိုကြွက်ကလေးက “အဲဒီ Spy Balloon တွေက ကင်းထောက်ဒရုန်းတွေလိုပဲ မြေပြင်လှုပ်ရှားမှုတွေကို ထောက်လှမ်းတာပါ။ မုံရွာ နမခ ထဲကနေ ကင်းထောက်ဒရုန်းတွေအစား Spy Balloon လွှတ်တင်ပြီး စမ်းသပ်အသုံးပြုနေတယ်လို့ သိရတယ်။ သူက ပါရာမော်တာတို့ ဂျိုင်ရိုကော်ပတာတို့လောက်တော့ အမြင့်ကြီးတော့ မ​ပျံနိုင်ဘူး။ ကင်းထောက် ဒရုန်းတွေထက်တော့ အချိန်ကြာကြာ​ပျံသန်းနိုင်တယ်လို့ သိထားတယ်။  လက်နက်ငယ်တွေနဲ့ ပစ်ချရင် မီနိုင်တဲ့ အနေအထားမှာရှိတယ်။ ကျနော်တို့ ဘုတလင်နယ်ထဲမှာတော့ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက အဲဒီ Spy Balloon တွေ တွေ့နေရတာ”လို့ ပြောပါတယ်။ 

အဆိုပါ Spy Balloon အများစုဟာ အဖြူရောင်နဲ့ အနက်ရောင်တွေ ဖြစ်ကြပြီး ပျံသန်းတဲ့အသံ မကြားရနိုင်တာဖြစ်လို့ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အထူးဂရုပြုကြဖို့ တော်လှန်ရေးအဖွဲ့က  တိုက်တွန်းပါတယ်။

စစ်ကောင်စီတပ်ဟာ အခု အောက်တိုဘာလလယ်ပိုင်းက စတင်ပြီး စစ်ကိုင်းတိုင်းအတွင်းက မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ပုလဲမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေအပြင် မကွေးတိုင်းအတွင်းက မြိုင်နယ် အနောက်မြောက်ပိုင်းတွေမှာ ရှိကြတဲ့ တချို့နေရာတွေမှာ အဆိုပါ Spy Balloon တွေ ပျံသန်းလာနေတာကို တွေ့ခဲ့ရတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013