DVB Logo
Home
မြန်မာသတင်း
၁၂ တန်းတွင်  ဥပဒေဘာသာရပ် သင်ကြားမည့်အပေါ်  ဝေဖန်မှုမြင့်တက် 
DVB
·
October 21, 2025
၁၂ တန်းတွင်  ဥပဒေဘာသာရပ် သင်ကြားမည့်အပေါ်  ဝေဖန်မှုမြင့်တက် 
Donate to DVB

အထက်တန်းပညာရေး ၁၂ တန်းမှာ ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင် ဆောင်ရွက်နေတဲ့အပေါ် ပညာရေးအသိုက်အဝန်းနဲ့  ဥပဒေပညာရှင်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက် နေပါတယ်။

အခြေခံပညာအထက်တန်းအဆင့် ၁၂ တန်းမှာ ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနိုင်ဖို့ ဆရာ ဆရာမတွေကို သင်ကြားရေး TOT သင်တန်းတွေ စတင်ပေးနေပြီဖြစ်ပြီး ဒီအပေါ်မှာ ပညာရေးအသိုင်းအဝိုင်းနဲ့ ဥပဒေပညာ ရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။

စစ်ကောင်စီက ပေးတဲ့ ဥပဒေပညာရပ်ဟာ ဟန်ပြသာ ဖြစ်နိုင်ပြီး ကျောင်းသားကျောင်းသူတွေကို ဥပဒေနဲ့ပတ်သက်တဲ့အကြောက်တရားတွေသာ သင်ကြားနိုင်ကြောင်း CDM ကျောင်းဆရာ ဆရာနောင်ချိုက ဝေဖန်ပါတယ်။

“စစ်ကောင်စီဘက်ကပြောတဲ့ဥပဒေပညာရပ်ဆိုတာ             ဘယ်လိုပုံစံဖြစ်မလဲတော့ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေများတာကတော့ သူတို့ အကြောက်တရားပေါ့ ဘယ်ဟာလုပ်ရင် ဘယ်ပုဒ်မနဲ့ ညှိစွန်းမယ်ဆိုတာမျိုးတွေကို ထည့်ဖို့ပဲ သူတို့လုပ်ကြမယ်ထင်တယ်။ ဆယ်ကျော်သက်တွေကို အဲဒါတွေ ရိုက်သွင်းဖို့ စဉ်းစားတာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်မယ်တော့ ကျနော် သေချာမသိပါဘူး။ ဒါပေမဲ့ အဲဒီလို ပုံစံမျိုး ဖြစ်ဖို့ပိုများတယ်လို့ ကျနော်တော့ထင်တယ်။ ဟန်ပြသက်သက်ပဲဖြစ်မှာပါ ဥပဒေပညာရပ်လိုဟာမျိုးကို တကယ်ပေးဖို့အတွက် ရက်တို သင်တန်းလောက်ပေးပြီးတော့ ဒီဆရာ ဆရာမတွေဟာ ပြန်သင်တယ်ဆိုတာ တကယ့်လက်တွေ့ကျ မဖြစ်နိုင်ဖို့များပါတယ်။ ကျောင်းသားကျောင်းသူတွေက အစမ်းသပ်ခံပုံစံပဲဖြစ်မှာ၊ တကယ် နားမလည်ဘဲ အယူအကောက်လွဲတာတွေ ပြန်ပေး ပြန်သင်ကြားရင် အကျိုးရှိတာမဟုတ်ဘဲ အဆိပ်အတောက်ပဲ ဖြစ်စေမှာပေါ့။”

တရားဥပဒေစိုးမိုးဖို့၊ ဥပဒေအဖွဲ့အစည်းတွေအပေါ် ယုံကြည်အားကိုးစေဖို့နဲ့ ပြည်သူတွေက ဥပဒေကို နားလည်ဖို့စီမံချက်တခုအနေနဲ့ ပန်းတိုင် ၅ ရပ်ချမှတ်ထားခဲ့ရာမှာ အခြေခံပညာရေး အထက်တန်းအဆင့် ၁၂ တန်းမှာ ဥပဒေဘာသာရပ်ကိုထည့်သွင်းပို့ချဖို့အတွက် ဆရာဖြစ်သင်တန်း စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ဥပဒေရေးရာ ဝန်ကြီးဌာနတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေတယောက်ကတော့ ဒီအပေါ် ဝေဖန်မှုတွေရှိနေပေမဲ့ ထူးထူးခြားခြား ပြောင်းလဲမှုတွေရှိလာမှာ မဟုတ်ကြောင်း ပြောပါတယ်။

“ဥပဒေကျောင်းသား အားသာချက်အနေနဲ့က ဥပဒေပညာကို ဝါသနာပါတဲ့သူတွေ လေ့လာချင်တဲ့ သူတွေအတွက်ကတော့ လှေကားတထစ်လို့ မြင်တယ်။ သင်တန်းက သင်ပေးလိုက်တဲ့ သင်ရိုးညွှန်းတမ်း အတိုင်းပဲ သင်ပေးနေရင်တော့ စာကိုဖတ်ပြီး သင်ကြားတဲ့ပုံစံပဲဖြစ်သွားမယ်။ အဲဒီအခါကျ ကျောင်းသားသည် ဥပဒေ ပညာရပ်က ဘယ်လောက်တောင် ပျင်းစရာ ကောင်းပါ လားဆိုတာ သိသွားပြီး အဲဒီကျောင်းသားတွေအတွက်က ဥပဒေပညာရပ်က ပျင်းစရာကြီး ပါလားဆိုပြီး ထင်သွားလိမ့်မယ်။ သင်ရိုးညွှန်းတမ်းမှာ ဥပဒေပညာကို ထည့်သွင်းမယ့်အချက်သည် ဝေဖန်မှုတွေတော့ ရှိနေပေမဲ့ တကယ်တော့ အမှန်တိုင်းပြောရရင် ဘာမှထူးခြားတဲ့ ပြောင်းလဲမှုကြီးမဟုတ်ဘူး။” 

အစိုးရကျောင်းဆရာ ဆရာမတွေအပြင် ပုဂ္ဂလိက ကျောင်းဆရာ ဆရာမတွေကိုပါ ဥပဒေဘာသာရပ်ဆိုင်ရာ TOT သင်တန်းတွေ တက်ရောက်ဖို့ ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲမှာပဲ ဆရာတွေ အနေနဲ့ သင်တန်းတက်ရောက်နေရပြီး သင်ကြားရေးဆရာ လုံလောက်မှုမရှိတဲ့အတွက် သင်ကြားရေးအပိုင်းမှာ အခက်အခဲတွေ ရှိနေကြောင်းကို ပုဂ္ဂလိက ဆရာတယောက်ကလည်း ပြောပါတယ်။

“ကျနော်တို့က ပြောင်းလဲထားတဲ့ G 12 သင်ရိုးမှာကို ကျနော်တို့ပုဂ္ဂလိက ဆရာတွေရော အစိုးရ ဆရာတွေရောက တော်တော်ကြီးကို ခက်ခက်ခဲခဲလေ့လာသင်ယူနေရတယ်ပေါ့။ ဆရာတွေ ဘက်ကလည်း ခက်ခက်ခဲခဲ လေ့လာသင်ယူနေရသလိုပဲ ကလေးတွေဘက်ကလည်း မနည်းလိုက်ပြီး လုပ်နေရတာကို တွေ့ရတယ်။ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ နောက်ဆရာလိုအပ်ချက်တွေ သင်ရိုးရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းတာမဟုတ်ဘဲ အကြောင်းမဲ့သက်သက် ဥပဒေပညာကို ထည့်သွင်း တာကတော့ တော်‌တော်ကို အဓိပ္ပါယ်မရှိဘူးလို့ မြင်မိတယ်။ အဓိက ကတော့ ကလေးတွေက စာအသစ်တခုထပ်လုပ်ရတာကို သူတို့အတွက် မနှစ်မြို့သလို ဆရာတွေဘက်ကလည်း ဆရာတွေ အလုံအလောက်မရှိတဲ့အတွက်ကြောင့် မလွယ်ဘူးပေါ့၊ သူတို့လုပ်ချင်တာကို ထလုပ်နေတယ်လို့ပဲ မြင်တယ်။”

ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းတဲ့နိုင်ငံကို တည်ဆောက်နိုင်ဖို့ လူတိုင်း ဥပဒေကို သိရှိ လိုက်နာရမှာဖြစ်လို့ အခြေခံပညာရေး Grade 11 နဲ့ Grade 12 မှာ ဥပဒေဘာသာရပ်ဆိုင်ရာတွေကို သင်ကြား ပို့ချရမယ်လို့ စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013