DVB Logo
Home
နိုင်ငံတကာ
ရုရှားကို နယ်မြေပေးရန် ဇလန်းစကီးကို ထရမ့်ပ် တိုက်တွန်း
DVB
·
October 20, 2025
ရုရှားကို နယ်မြေပေးရန် ဇလန်းစကီးကို ထရမ့်ပ် တိုက်တွန်း
Donate to DVB

ရုရှားလက်ထဲ နယ်မြေအမြောက်အမြား လက်လွှတ်ပေးအပ်ဖို့ ယူကရိန်းသမ္မတ ဇလန်းစကီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ဆွေးနွေးမှုအတွင်းမှာ ဖိအားပေးခဲ့ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့ စိတ်ပျက်ခဲ့ရတယ်လို့ သတင်းရင်းမြစ် ၂ ယောက်က အတည်ပြုပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံအတွင်းပိုင်းထိ လှမ်းပစ်နိုင်တဲ့ တိုမာဟော့ခ် ဒုံးကျည်တွေ ပေးဖို့ ထရမ့်ပ်က ငြင်းဆိုခဲ့သလို ကိယက်ဗ်နဲ့ မော်စကို နှစ်ဖက်လုံးအတွက် လုံခြုံရေးအာမခံချက်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ မရှင်းမလင်း ဖြစ်ခဲ့ရပါတယ်။

ဇလန်းစကီးက ဘယ်နယ်မြေမှ အလိုအလျောက် လက်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီးနောက်မှာ ထရမ့်ပ်က လက်ရှိတိုက်ပွဲမျဉ်းအတိုင်းပဲ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုခဲ့တယ်လို့ တတိယသတင်းရင်းမြစ်တခုက ပြောပါတယ်။

“အခုဖြစ်နေတဲ့အတိုင်းပဲ (နယ်မြေ) ပိုင်းထားလိုက်ပါ။ နယ်မြေ ၇၈ ရာခိုင်နှုန်းလောက်ကို ရုရှားက ယူထားပြီးပြီ” လို့ ထရမ့်ပ်က သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ “တော်တော်ဆိုးပါတယ်” လို့ သတင်းရင်းမြစ်တယောက်က ပြောပြီး ထရမ့်ပ်က ကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးခဲ့သလို ရုရှားနဲ့ အပေးအယူမလုပ်ရင် ယူကရိန်းနိုင်ငံ “အေးခဲသွားမယ်”၊ “ပျက်စီးသွားလိမ့်မယ်” လို့ သတိပေးခဲ့ကြောင်း ဆိုပါတယ်။

နောက်သတင်းရင်းမြစ်တယောက်က “ပျက်စီးသွားမယ်” ဆိုတဲ့ စကားကို ငြင်းဆိုခဲ့ပေမဲ့ ဒီတွေ့ဆုံမှုမတိုင်ခင် ကြာသပတေးနေ့က ရုရှားသမ္မတ ပူတင်နဲ့ ဖုန်းပြောဆိုမှုက ထရမ့်ပ်အပေါ် လွှမ်းမိုးခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အဲဒီဖုန်းခေါ်ဆိုမှုအတွင်း ပူတင်က ယူကရိန်းဘက်က ဒိုးနက်စ်နဲ့ လူဟန့်စ်ခ် ဒေသတွေကို စွန့်လွှတ်ပြီး ဇာပိုရစ်ချ်ဇီယာနဲ့ ခါဆွန်ဒေသတချို့ကို ပြန်ယူဖို့ နယ်မြေချင်းလဲလှယ်ရေး အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် အပါအဝင် အမေရိကန်အရာရှိတွေက ပူတင်ရဲ့ အဲဒီအဆိုပြုချက်အတိုင်း ယူကရိန်းဘက်ကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းဘက်ကတော့ ဒွန်ဘတ်စ်အနောက်ခြမ်းကို လက်လွှတ်လိုက်ရတာဟာ နိုင်ငံရဲ့ ကျန်တဲ့နေရာတွေကို ရုရှားရဲ့ တိုက်ခိုက်မှုအန္တရာယ် ပိုများစေနိုင်လို့ “ကိုယ့်ကိုယ်ကိုယ် သတ်သေတာ” နဲ့ တူတယ်လို့ ရှုမြင်ထားတယ်လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013