
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ သင်္ကြန်မဏ္ဍပ်မှာ လမ်းရှင်းပေးရင်း ကခုန်နေတဲ့ ရဲမှူးတယောက်ကို စစ်တပ်က ဧပြီ ၁၅ ရက် ညမှာ ဖမ်းဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၁၄ ရက်က ရန်ကုန်-ပြည်လမ်းမပေါ်က သင်္ကြန်လုလင်မဏ္ဍပ်မှာ ယာဥ်လမ်းကြောရှင်းပေးရင်း အရက်သောက်စားကာ ကခုန်နေတဲ့ ရဲမှူး မျိုးမြင့်ဝင်းကို စစ်တပ်က မနေ့ညက ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ရဲလည်း လူပဲဗျာ သင်္ကြန်မှာ မပျော်ရဘူးလား၊ သူများကို စော်ကားတာလည်း မပါဘူး၊ လမ်းရှင်းပေးရင်း ပျော်လို့ ကခုန်တာကို နိုင်ငံတော်ကို သိက္ခာချတယ်လို့ ခရိုင်ရုံးအထိ ထိုးကြိတ်ပြီး လာဖမ်းသွားတာ။”
ဖမ်းဆီးခံရတဲ့ ရဲမှူး မျိုးမြင့်ဝင်းမှာ လုံခြုံရေးရဲတပ်ရင်းကဖြစ်ပြီး ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာပြီးနောက် သင်္ကြန်လုံခြုံရေးအတွက် ကျောက်တံတားခရိုင်ရုံးမှာ တာဝန်ကျနေတာလို့ လုံခြုံရေးရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ရှေ့တန်းကနေ နောက်တန်းကို ပြန်ရောက်တာ မကြာသေးဘူး။ သင်္ကြန်လုံခြုံရေးအတွက် ခရိုင်မှာ တွဲနေတာ။ သောက်စားတာက ရဲရော၊ စစ်တပ်ရော သောက်ကြတယ်။ အပျော်သဘောနဲ့တောင် ကလို့ မရဘူးလား။ ကခုန်တိုင်းဖမ်းမယ်ဆို စစ်တပ်မဏ္ဍပ်ရှေ့မှာလည်း ယူနီဖောင်းနဲ့ ကနေတဲ့သူတွေ အများကြီး၊ အဲဒါကျတော့ မဖမ်းဘူးလား။ လုံခြုံရေး ရဲတပ်ရင်းကဆိုရင် စစ်တပ်ရော၊ ရဲအချင်းချင်းရော အရမ်းနှိမ်တာ။”
လတ်တလောမှာ ရဲမှူး မျိုးမြင့်ဝင်းကို ဘုရင့်နောင်ရှိ အမှတ် ၁ စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ ချုပ်နှောင်ထားပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။











