DVB Logo
Home
မြန်မာသတင်း
နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲနှင့်အတူ မကွေး PDF များ မဟာမိတ်စစ်ဆင်ရေးပြင်ဆင်
DVB
·
October 18, 2025
နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲနှင့်အတူ မကွေး PDF များ မဟာမိတ်စစ်ဆင်ရေးပြင်ဆင်
Donate to DVB

နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားတာနဲ့တပြိုင်တည်းမှာ မကွေးဒေသတွင်း PDF အဖွဲ့တွေပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးဆင်နွှဲဖို့ပြင်ဆင်နေပါတယ်။ 

ရခိုင်ပြည်နယ်စပ်၊ မကွေးတိုင်းအနောက်တောင်ခြမ်းက နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က အဘက်ဘက်ကနေပိတ်ဆို့ထားတာပါ။ ဗျူဟာကုန်းပတ်လည်က တပ်စခန်းအများစုကို AA  က သိမ်းယူပြီးဖြစ်သလို ဗျူဟာကုန်းကို အဘက်ဘက်က ပိတ်ဆို့ထားတာပါ။ 

အောက်တိုဘာ ၁၇ ရက်နေ့အထိ စစ်ကောင်စီက ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူတွေနဲ့ စစ်ကူတွေပေးနေပေမဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ အလံဖြူထောင် လက်နက်ချခဲ့ကြတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ 

ဒီအခြေအနေမှာ အာရက္ခတပ်တော် (AA) ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ မကွေးဒေသတွင်း PDF တွေပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးဆင်နွှဲဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရိုးမစနေ (8 Plus ပြည်သူ့ကာကွယ်ရေးအဖွဲ့) က “စစ်ရေးအခြေအနေကတော့ ကျနော်တို့က ဒီ့ထက်အရှိန်တိုးမယ့် အနေအထားတရပ်ရှိတယ်ဗျ။ ရွေးကောက်ပွဲကာလအတွင်းမှာတော့ ကျနော်တို့က အကောင်းဆုံးကြိုးစားပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့အသီးသီးစုဆောင်းပြီးပြီ။ ရခိုင်လုပ်ဆောင်ချက်ကို ကြည့်ပြီးတော့လည်း ဒီဘက်တွေဘာတွေမှာ ပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးတွေ ဆင်နွှဲဖို့လည်း ပြင်ဆင်ထားတာတော့ရှိတယ်ဗျ။ စစ်ကောင်စီကတော့ ဒီရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး သူကတော့ နယ်မြေထိန်းချုပ်ရေးတွေကို စစ်ကြောင်းခပ်တင်းတင်းကျပ်ကျပ် ထိုးမယ်လို့တော့ မြင်တယ်ဗျ။ အညာဒေသကိုသူတို့အားချင်းဖိမယ်၊ အခုဟာက တိုင်းရင်းသားဒေသတွေကို အလုပ်လုပ်နေတယ်၊ ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်မှုလည်းလုပ်ထားတယ်၊ သူတို့ထက် လက်ဦးမှုယူဖို့လည်းပဲ ကျနော်တို့ ကြိုးစားနေကြတယ်။ မဟာမိတ်အနေနဲ့ စုစုစည်းစည်းတိုက်နိုင်ဖို့တွေ၊ အဖွဲ့တွေ သွေးဝမ်းမကွဲဘဲနဲ့ စည်းစည်းလုံးလုံး နဲ့ တိုက်နိုင်ဖို့တွေ၊ ကျနော်တို့တွေ စုစည်းထားတာလေးတွေတော့ ရှိတယ်ဗျ၊ အညာဒေသတခွင်ကို သူတို့က စစ်ကြောင်း ၂ ကြောင်း၊ ၃ ကြောင်း ထွက်လာခဲ့မယ်ဆိုရင် ဒီစစ်ကြောင်းတွေကို ကျနော်တို့က ခံစစ်အနေနဲ့တိုက်မှာလား တိုက်စစ်အနေနဲ့ တိုက်မှာလားဆိုတာလဲ ကျနော်တို့ ပြင်ဆင်ထားတာလေးတွေတော့ရှိတယ်ဗျ။ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို မကျင်းပနိုင်အောင် ကျနော်တို့က စည်းစည်းလုံးလုံး နဲ့ ပူးပေါင်းပြီး တိုက်ကြမယ်ဆိုရင်တော့ အောင်မြင်မှုရလဒ်ကောင်းကို ရမယ်လို့တော့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ထိစပ်နေတဲ့ မကွေးတိုင်းမြောက်ပိုင်း ပေါက်၊ မြိုင်၊ ထီးလင်းနယ်တွေကို အခုလဆန်းပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ 

စစ်ကောင်စီရဲ့ စစ်ရေးဆောင်ရွက်ချက်တွေဟာ လက်လွှတ်ထားရတဲ့ ရေနံမြေတွေကိုပြန်ရရေး၊ ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်ရေးနဲ့ PDF တွေ အချင်းချင်းမစုစည်းနိုင်ဘဲ ပြန့်ကျဲနေစေရေးတို့ကို ရည်ရွယ်တဲ့အခြေအနေဖြစ်ပါတယ်။

ကိုလရောင်(ပေါက်PDF) က “အဓိကက ရေနံမှော်တွေကိုမဲနေတာဗျ။ ခပ်စိပ်စိပ်တိုက်ခိုက်နေတာ၊ တိုက်ပွဲက ဖြစ်ပွားခြင်းမရှိဘူးနော်။ ရေနံကလည်း သူတို့အတွက် အရေးပါတာဆိုတော့ အဲ့ဒါကြောင့် ဆုံးရှုံးထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဖိတော့တာပေါ့ဗျာ။ သတိထားပြီး နေထိုင်ကြရတာပေါ့နော်။ လက်ရှိမှာလေကြောင်းကလည်း ခပ်စိပ်စိပ်တိုက်ခိုက်နေတာ၊ ရေနံမြေတကြောက ပြည်သူတွေ ရှောင်တိမ်းနေရတာပေ့ါ။ စိုးရိမ်မှုတွေတော့ရှိတာပေါ့၊ သေဆုံးတွေလည်း ရှိတာဆိုတော့နော်။ ပေါက်၊ မြိုင်၊ ထီးလင်းကို ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာ၊ ဂျက်ဖိုက်တာတွေနဲ့ မြေပြင်မှာလည်း ပေါက်နယ်အနောက်မြောက်ခြမ်းမှာ စစ်ကြောင်းထိုးနေတာဆိုတော့ ပြည်သူတွေ ရှောင်တိမ်းနေရတာပေါ့၊ ထန်းပင်ချောင်း ရေနံမြေတကြောက ပြည်သူတွေကတော့ ၂ လကျော်၊ ၃ လဝန်းကျင်နီးပါးရှိပြီဗျ၊ ရှောင်တိမ်းနေရတာ။ ကပစ ၂၄ ကထွက်လာတဲ့ စစ်ကြောင်းကြောင့်ပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေမှာ လက်လွှတ်ထားရတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အရှေ့ခြမ်း ရှမ်းပြည်နယ်က မြို့တွေနဲ့ တပ်စခန်းတွေကို ပြန်သိမ်းနိုင်ဖို့ ဆက်တိုက်ကြိုးစားနေတာပါ။ 

ရှမ်း-မန်းနယ်စပ်က မြို့တချို့နဲ့ တပ်စခန်းနေရာတချို့ကို ပြန်သိမ်းပြီး လပခ အရှေ့ခြမ်းမှာ အသာစီးပြန်ယူဖို့ကြိုးစားနေပေမဲ့ လပခအနောက်ခြမ်း မကွေးတိုင်းဘက်မှာ အာရက္ခတပ်တော် AA နဲ့ မကွေးဒေသတွင်း PDF တွေရဲ့ ဖိအားပေးတာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ 

အရင်စစ်ခေါင်းဆောင်တွေရဲ့ နိုင်ငံတဝန်း စစ်ရေးဗျူဟာအခင်းအကျင်းမှာ ရခိုင်ပြည်နယ်နဲ့ နိုင်ငံအနောက်ဘက်ခြမ်းကို ထည့်သွင်းတွက်ချက်မှုနည်းခဲ့ပြီး အချိန်တိုအတွင်း AA ရဲ့ အင်အားကြီးထွားလာမှုက လက်ရှိစစ်ခေါင်းဆောင်အတွက် ဖိအားဖြစ်လာခဲ့တာပါ။

မိုးထက်နေ(ဥာဏ်လင်းသစ်သုတေသနအဖွဲ့) က “ရခိုင်က သူပုန်ထဖို့ လုပ်လိုက် လစ်လိုက်ဆိုတဲ့ သမိုင်းက ရှည်ကြာနေတော့ သူကအရမ်းပြင်မထားဘူး။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ထဲမှာ အမြှောက်တပ်လိုဟာမျိုး စစ်ဆေးတက္ကသိုလ်ကလွဲပြီး ကျန်တဲ့တက္ကသိုလ်အများစုက လပခ ခွင်ထဲမှာ၊ ဥပမာ လေကြောင်းပြုပြင်ရေး ထိန်းသိမ်းရေးစခန်းတို့ဘာတို့ကလည်း မန္တလေးမှာ၊ နောက်တခါ တင့်ကားဌာနချုပ်ဆိုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ။ ၁၀၂၇ လည်း နောက်ဆုံးပိတ် ဟန့်ပလိုက်တာက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စည်းကနေထိုင်ပြီးတော့မှ ပြန်လုပ်သွားတာပေါ့ဗျာ။ အခုဟာက သူတို့က လပခအထိုင်ကနေ တပ်ဖြန့်ပြီးတိုက်နေတာပဲ၊ ကျနော်နားလည်တာက သူတို့တကယ်ကြောက်ရမှာက အထက်ကအိဆင်းလာမှာတွေကြောက်ရမှာ။ ကချင်က မြေပြန့်အုပ်စုအကုန်လုံးနဲ့ချိတ်မိတာကိုး စစ်ကိုင်းတိုင်းထဲမှာ။ သူက မကွေးတို့ဘာတို့အထိ လပခ ထဲ ဆွဲထည့်ထားတာလေ။ လပခက အကျယ်ကြီးပဲ လက်နက်စက်ရုံတို့ဘာတို့ကအစ လပခထဲထည့်ထားတာ” လို့ ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကို AA က အပြီးသတ်ထိန်းချုပ်နိုင်ပြီဆိုရင် ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့ ချိတ်ဆက်ထားတဲ့ အမ်း-ပဒန်လမ်း၊ စစ်ကိုင်းနဲ့ဧရာဝတီတိုင်းကို ချိတ်ဆက်ထားတဲ့ ပုသိမ်-မုံရွာလမ်းတွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လာနိုင်မယ့် အနေအထားဖြစ်ပါတယ်။ 

လတ်တလော နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲမှာ အလံဖြူထောင်အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို နိုင်ငံတကာသုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားပြီး နောက်ထပ် အလင်းဝင်မယ့်သူတွေဟာလည်း အချိန်မရွေးဆက်သွယ်နိုင်တယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့ထုတ်ပြန်ချက်မှာ AA က ဖော်ပြထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013