
ဗြိတိန်တော်ဝင်မင်းသား အန်ဒရူးဟာ သူ့ရဲ့အပြုအမူတွေနဲ့ ဂုဏ်သိက္ခာပျက် ကွယ်လွန်သူ အမေရိကန် လုပ်ငန်းရှင် ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ဆက်နွှယ်မှုတွေအပေါ် နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရပြီးနောက်မှာ သူရဲ့ ယော့ခ်မြို့စား ဘွဲ့ထူးဂုဏ်ထူး သုံးစွဲတာကို စွန့်လွှတ်လိုက်ကြောင်း အောက်တိုဘာ ၁၇ ရက်မှာ ကြေညာပါတယ်။
ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ ညီတော်၊ ကွယ်လွန်သူ ဘုရင်မကြီး အဲလိဇဘသ်ရဲ့ ဒုတိယသားတော် မင်းသား အန်ဒရူးက သူ့ကို ဆက်လက်စွပ်စွဲနေမှုတွေဟာ နောင်တော် ချားလ်စ်ဘုရင်ရဲ့ လုပ်ဆောင်မှု တွေနဲ့ ဗြိတိန်တော်ဝင်မိသားစုရဲ့ ပိုကျယ်ပြန်တဲ့ လုပ်ဆောင်ချက်တွေကို အာရုံလွဲအောင် လုပ်နေတာ လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
သူ့မိသားစုနဲ့ သူ့တိုင်းပြည်အတွက် သူ့တာဝန်ကို ပထမနေရာမှာထားရှိဖို့ အမြဲလိုလို ဆုံးဖြတ်ထားပြီး သားဖြစ်ပြီး ပြည်သူ့ဘဝအတိုင်း ရပ်တည်ဖို့ လွန်ခဲ့တဲ့ ၅ နှစ်က ဆုံးဖြတ်ချက်အတိုင်း ရပ်တည် ပါတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် သူ့အပေါ် အပ်နှင်းထားတဲ့ တော်ဝင် ဘွဲ့ထူးဂုဏ်ထူးတွေကို မသုံးစွဲတော့ကြောင်းနဲ့ အရင်က ပြောခဲ့သလိုပဲ သူ့အပေါ် စွပ်စွဲမှုတွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုကြောင်း ဖော်ပြ ထားပါတယ်။
အဋ္ဌမမြောက် ထီးမွေနန်းလျာ အသက် ၆၅ နှစ်ရှိ မင်းသား အန်ဒရူးရဲ့ ဂုဏ်သတင်းဟာ မကြာသေးတဲ့နှစ်တွေအတွင်းမှာ အထင်ရှားဆုံးက လိင်အကျင့်ပျက် စွပ်စွဲမှုတွေနဲ့ နာမည်ဆိုးရှိတဲ့ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ အချိတ်အဆက် ရှိမှုတွေကြောင့် ပျက်ယွင်းသွားခဲ့တာပါ။
ဒါ့အပြင် မင်းသား အန်ဒရူးနဲ့ ရင်းနှီးတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တယောက်လည်း တရုတ်သူလျှို အဖြစ် အစိုးရက ထင်မြင်ယူဆကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
မင်းသား အန်ဒရူးဟာ တချိန်က ပြောင်မြောက်တဲ့ ရေတပ် အရာရှိအဖြစ် သတ်မှတ်ခံရပြီး ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွေတုန်းက အာဂျင်တီးနားနဲ့ ဖောက်ကလန်စစ်ပွဲ အတွင်း စစ်မှုထမ်း ခဲ့ပါတယ်။
ဒါပေမဲ့ အန်ဒရူးဟာ အပျော်အပါးလိုက်စားသူ ပလေးဘွိုင်မင်းသားတယောက်အဖြစ် ကျော်ကြားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူဖြစ်တဲ့ အက်ပ်စတိန်းနဲ့ ဆက်နွှယ်မှုတွေကြောင့် သူ့ရဲ့ဘွဲ့ထူးရာထူး အများစု ဖြုတ်ပယ်ခံခဲ့ရပြီး တော်ဝင်တာဝန်တွေကနေလည်း ဖယ်ရှားခံခဲ့ရပါတယ်။
Source:Reuters











