DVB Logo
Home
မြန်မာသတင်း
‘ဝ’ ပြည်နယ်လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲက တောင်းဆိုရန်  ဒု ဗိုလ်ချုပ်ကြီး ရာပြည့်ပြော
DVB
·
October 18, 2025
‘ဝ’ ပြည်နယ်လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲက တောင်းဆိုရန်  ဒု ဗိုလ်ချုပ်ကြီး ရာပြည့်ပြော
Donate to DVB

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေနဲ့  ‘ဝ’ ပြည်နယ် လိုချင်တယ်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ပြီး လွှတ်တော်ထဲကနေတောင်း ဆိုပါလို့   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ   (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောလိုက်ပါတယ်။

အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက နေပြည်တော် MICC 1 မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့်နဲ့ ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲမှာ အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောကြားသွားတာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က "သူတို့ရဲ့ လိုလားချက်က ‘ဝ’  ပြည်နယ်လိုချင်တယ်။ ‘ဝ’ ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ်။ လွှတ်တော်ထဲဝင်မှ တောင်းဆိုလို့ ရမယ်" လို့ ပြောပါတယ်။

‘ဝ’ တပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်းပိုင်း ဒေသတချို့မှာ အခြေစိုက်ထားတဲ့ အင်အား အတောင့်တင်းဆုံး တိုင်းရှင်းသားလက်နက်ကိုင်အဖွဲ့  ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီက ၁၉၈၉ ခုနှစ် မှာ ခွဲထွက်ပြီး ‘ဝ’ တပ်ဖွဲ့ကို ထူထောင်ခဲ့ကာ  အရင် စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် ‘ဝ’  ဒေသကို စစ်အစိုးရက အထူးဒေသ ၂ အဖြစ် အုပ်ချုပ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ဦးပေါက်ယူချမ်း ဦးဆောင်တဲ့ ‘ဝ’ တပ်ဖွဲ့ရဲ့ လိုလားချက်ဟာ ‘ဝ’ပြည်နယ် တရားဝင် ရဖို့ဖြစ်ပြီး လက်ရှိစစ်ခေါင်းဆောင်လက်ထက်မှာလည်း ‘ဝ’ တပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။

"အဲဒီတော့ ရနိုင်ခြေက ဘာတွေရှိတယ်၊ ဘယ်နေရာ ဘယ်နေရာ ရှိတယ် ကျနော် သေချာရှင်းပြပါတယ်။ လာတက်ရောက်တဲ့ သူတွေကတော့ အကုန်လုံးသဘောပေါက်တယ်။ ဒါပေမဲ့ သူတို့ ခေါင်းဆောင်ကို ရှင်းပြတဲ့အခါကျတော့ သူတို့ခေါင်းဆောင်က သဘောမတူတဲ့ကိစ္စဖြစ်တော့ ဆက်ပြီးတော့ ဆွေးနွေးလို့ မရတာ ဖြစ်ပါတယ်။”

UWSA အနေနဲ့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာလည်း UWSA ရဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ NCA ၁၀ နှစ်ပြည့်အခမ်းအနားကိုလည်း ‘ဝ’  ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

UWSA ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အား အကြီးဆုံးဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ အထူးဒေသ ၂ ဟာလည်း တိုင်းရင်းသားဒေသတွေထဲမှာ အဖွံ့ဖြိုးဆုံးဒေသလည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောဆိုခဲ့တဲ့ ပြည်နယ်ရဖို့ လွှတ်တော်ထဲဝင်ပါဆိုတဲ့ ပြောကြားချက်အပေါ် UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းဆီ DVB က ဆက်သွယ်ပြီး သဘောထားမှတ်ချက် တောင်းခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

Photo: Wa Land

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013