DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲပေးနိုင်ရန်  ရက်တိုးထားသော်လည်း ပြည်ပရောက်မြန်မာအများစု  မဲပေးရန် ဆန္ဒမရှိ
DVB
·
October 17, 2025
ကြိုတင်မဲပေးနိုင်ရန်  ရက်တိုးထားသော်လည်း ပြည်ပရောက်မြန်မာအများစု  မဲပေးရန် ဆန္ဒမရှိ
Donate to DVB

စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ-၁၅ တင်ရမယ့်ရက်တွေကို ထပ်တိုးသတ်မှတ်ထားပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မဲပေးဖို့ဆန္ဒမရှိသလို ‌ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။ 

ဒီနှစ်ကုန်ပိုင်းမှာ စပြီး အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲ ပထမပိုင်းအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ ဖောင်ဖြည့်စွက်ရမယ့် ရက်ကို အရင်က အောက်တိုဘာ ၃ ရက်နဲ့ ၆ ရက်အထိ နောက်ဆုံးသတ်မှတ်ထားရာကနေ လက်ရှိမှာ အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်အထိ သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးအလိုက် ထပ်တိုး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ကိုးရီးယားရောက် မြန်မာတွေကတော့ အတုအယောင်ရွေးကောက်ပွဲကို မဲပေးဖို့ ဆန္ဒမရှိကြသလို ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်( MFDMC) အတွင်းရေးမှူး ကိုကျော်ဆန်းက ပြောပါတယ်။

“တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားအများစုကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာလည်း စိတ်ဝင်စားမှုနည်းပါတယ်။ အများစုက ဒီစစ်ကောင်စီသံရုံးနဲ့လည်း ပတ်သတ်လိုစိတ်မရှိဘူး။ မဲပေးလိုတဲ့ ဆန္ဒလည်းမရှိဘူး။ နောက်တခုက မဲပေးဖို့ ပုံစံ ၁၅ သံရုံးကိုသွားသွင်းမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လိပ်စာတွေ၊ မိဘတွေရဲ့အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဖြည့်ရမှာမို့လို့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်ပေါ့နော်၊ ဒီအချိန်မှာ တော်တော်များများက စစ်ကော်မရှင်ကို အားလုံးက ဝိုင်းပြီး ရွှံရှာမုန်းတီးနေတဲ့အတွက်ကြောင့်မို့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းအားနည်းနေပြီး ပုံစံ ၁၅ ကြေညာတဲ့ရက်ကို နောက်ကိုဆုတ်ပြီး အကြိမ်ကြိမ်အခါခါ ကြေညာနေတဲ့ကိစ္စလို့ မြင်ပါတယ်။”

စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက် ဆန့်ကျင့်ကန့်ကွက်တဲ့အနေနဲ့  တောင်ကိုးရီးယားက မြန်မာနိုင်ငံသား ၅၀၀ ကျော်ဟာ အောက်တိုဘာ ၄ ရက်က လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါအပြင် လာမယ့် အောက်တိုဘာ ၁၉ ရက်မှာလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲကို ကျင်းပသွားဖို့ ရှိနေပါတယ်။

ကြိုတင်မဲဆန္ဒပေးနိုင်ဖို့ ပုံစံ ၁၅ ဖောင်ဖြည့်ရာမှာ မဲပေးသူရဲ့ အမည်၊ လူမျိုး၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်လိပ်စာတွေ အပါအဝင် နိုင်ငံသား စိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းနဲ့ မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူတွေကိုပါ ပူးတွဲပေးပို့ရမှာ ဖြစ်ပါတယ်။

အလားတူ ဂျပန်ရောက် မြန်မာနိုင်ငံသားတယောက်ကလည်း ‌စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမှုမရှိသလို မဲလည်းထည့်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတွေကတော့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြေညာတယ်ပေါ့နော်၊ လာမယ့်ရွေးကောက်ပွဲမှာ ဂျပန်မှာရောက်နေတဲ့မြန်မာတွေ ကြိုတင်မဲဆန္ဒပေးဖို့ ပုံစံ ၁၅ ဖြည့်ဖို့၊ ဒါပေမဲ့ ကျနော်သိသလောက် အသိမိတ်ဆွေတွေနဲ့ ဂျပန်ရောက်မြန်မာတွေကတော့ အဲဒါကို စိတ်မဝင်စားကြပါဘူး ၊ ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်ပါဘူး။”

မလေးရှားရောက် မြန်မာတွေကလည်း အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ရှုံ့ချတယ်လို့ ပြောဆိုကြပါတယ်။

မလေးရှားအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူ ကိုမင်းထိုက်က “ကျနော်တို့ရဲ့ တိုင်းပြည်ဘာဖြစ်နေလဲဆိုတာ အားလုံးလဲအသိပါ။ ဒီမှာရှိနေတဲ့ လူတွေအကုန်လုံးက အနာတရတွေနဲ့ချည်းပါပဲ။ အိုးမဲ့အိမ်မဲ့နဲ့ မိသားစုတကွဲတပြားနဲ့ အားလုံးပေါ့နော်။ ဒါကို အလူးအလဲ ခံစားနေကြရတာဆိုတော့ အများဆန္ဒက ကျနော်တို့သိရသလောက် ဘယ်သူမှ မဲမပေးကြပါဘူး။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၈ ရက်ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ ကိုတော့ နိုင်ငံတဝန်း  မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပသွားမှာပါ။

အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013