DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ရွေးကောက်ပွဲ မည်သည့်ဥပဒေနှင့်မျှ ကိုက်ညီမှုမရှိဟု ရှေ့နေများကောင်စီ ထုတ်ပြန်
DVB
·
October 16, 2025
စစ်ကောင်စီ၏ရွေးကောက်ပွဲ မည်သည့်ဥပဒေနှင့်မျှ ကိုက်ညီမှုမရှိဟု ရှေ့နေများကောင်စီ ထုတ်ပြန်
Donate to DVB

လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပါအဝင် မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘယ်လိုဥပဒေမျိုးနဲ့မှ ကိုက်ညီမှု မရှိဘူးလို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) ဆိုတဲ့ စနစ် ၂ မျိုးနဲ့ ရောနှောကျင်းပတာဟာ သူတို့ကိုယ်တိုင် လေးစားလိုက်နာတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ တရားသဘောကို ပျက်ယွင်းစေတယ်လို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြီး စနစ် ၂ မျိုး ရောနှောကျင်းပတာတွေကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၄ အရ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းတဲ့အခါမှာ ရှုပ်ထွေးခက်ခဲမှုပေါင်းများစွာ ဖြစ်လာနိုင်သလို အပိုင်းလိုက်မှာ ဘယ်အပိုင်း ကျင်းပပြီးချိန်ကျရင် ပြည်ထောင်စုအဆင့် အစိုးရ၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ ရွေးချယ်ခန့်အပ်မလဲဆိုတဲ့ ပြဿနာတွေ ရှုပ်ထွေးလာစေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပမယ့်ရက်ကိုသာ ကြေညာထားပြီး ဒုတိယပိုင်း၊ တတိယပိုင်း စသဖြင့် အခြားအပိုင်းလိုက် ကျင်းပမယ့် ရက်တွေကိုတော့ ကြေညာထားခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တဲ့အတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အဂတိကင်းမှုတို့ မရှိကြောင်း ပေါ်လွင်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

စနစ် ၂ မျိုး ရောနှောကျင်းပတာကလည်း ဘယ်မူကို အခြေခံပြီး ကျင်းပလဲဆိုတာကို ရှင်းလင်းတိကျစွာ ထုတ်ပြန်ထားခြင်း မရှိတဲ့အပြင် ဦးသန်းစိုး ဦးဆောင်တဲ့ ရွေးကော်ပွဲကော်မရှင်ဟာ သူတို့ သဘောဆန္ဒအလျောက် လုပ်ဆောင်နေတာဖြစ်သလို တနည်းအားဖြင့် စစ်တပ်ရဲ့ပါတီ အနိုင်ရနိုင်ခြေများတဲ့ မဲဆန္ဒနယ်တွေမှာ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ကို ကျင့်သုံးပြီး ရှုံးနိုင်ခြေများတဲ့ မဲဆန္ဒနယ်တွေမှာတော့ အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်ကို ကျင့်သုံးမယ့် အခြေအနေရှိတယ်လို့လည်း မြန်မာနိုင်ငံရှေ့နေများကောင်စီက သုံးသပ်ပါတယ်။

ဒီအချက်တွေကြောင့် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်မှုအောက်ကနေ ဦးသန်းစိုး ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘယ်ဥပဒေမျိုးနဲ့မှ ကိုက်ညီခြင်းမရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတ‌တဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ်လို့ သံသယကင်းကင်းနဲ့ ယုံကြည်လို့ မရနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေးပြဿနာတွေအရ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံကို ဝင်ထွက်သွားလာ လေ့လာစောင့်ကြည့်နိုင်လောက်မယ့် လုံလောက်တဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုတို့ မရှိကြောင်းလည်း မြန်မာနိုင်ငံရှေ့နေများကောင်စီက သုံးသပ်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013