
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ပျူစောထီးတွေထိန်းချုပ်ထားတဲ့ ဆင်လူးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဖုန်းတွေသိမ်းယူတဲ့အပြင် တအိမ်တယောက် လူအင်အားစုဆောင်းပြီး အောက်တိုဘာ ၁၄ ရက်က လက်နက်တပ်ဆင်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်း မဲဇလီ-ဆည်တော်တံတားက ဆည်တော်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ အောက်တိုဘာ ၄ ရက်က သိမ်းပြီးနောက် ဆင်လူးရွာမှာ တအိမ်တယောက် လူသစ်စုဆောင်းပြီး လက်နက်တပ်ဆင်ပေးလိုက်တာလို့ ဆိုပါတယ်။
ဆည်တော်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ချိန်မှာ လက်နက် ၆ လက် ရရှိပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက မနေ့ အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒေသခံတယောက်က “ဆင်လူးရွာမှာ ပျူစောထီးတွေက အရင်တုန်းကတော့ အင်အားမများပါဘူး။ အခုနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ လိုအပ်ချက်တွေလည်း ပါတယ်။ အခုနောက်ပိုင်း တအိမ်တယောက် မဝင်မနေရဆိုတော့ အုပ်ချုပ်ရေးမှူး ဖိုးအောင်က လုပ်လိုက်တယ်။ နောက်တခုက ရွာပြင်ပထွက်ခွင့်တွေ ပိတ်ထားတယ်။ ကျေးရွာထဲမှာရှိတဲ့ ဖုန်းတွေ အကုန်သိမ်းထားတယ်။ သူတို့ရဲ့အင်အားစု ဖုန်းတွေလောက်ပဲ ချန်ထားတယ်။ အဲဒီလို အမှောင်ချပြီးမှ တအိမ်တယောက် လူသစ်စုဆောင်းတာ။ မနေ့က အင်အား ၇၀ ဝန်းကျင်ကို လက်နက်တပ်ဆင်ပေးလိုက်တယ်” လို့ DVB ကို ပြောပါတယ်။
ပျူစောထီးခေါင်းဆောင်တွေဟာ ဆင်လူးရွာက ဒေသခံတွေကို စက်တင်ဘာလဆန်းပိုင်းကစလို့ ပြင်ပထွက်ခွင့် ပိတ်လိုက်ပြီး အောက်တိုဘာလထဲမှာပဲ ဖုန်းတွေသိမ်းလိုက်တာလို့ ဆိုပါတယ်။
အဲဒီ ဆင်လူးရွာမှာ စစ်ကောင်စီရဲ့ ၁၀၁ တပ်မ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၅၃၊ ခလရ ၂၅၄ နဲ့ ခလရ ၂၅၅ တပ်ရင်းတွေလည်း အခြေချတဲ့နေရာဖြစ်သလို အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံလမ်းပေါ်မှာ တည်ရှိနေတာလို့ ဆိုပါတယ်။
မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တယောက်က “စစ်ကောင်စီစခန်းတွေ၊ ကပစ စက်ရုံတွေအတွက် ကာကင်းယူထားတဲ့ ရွာပေါ့။ ဆင်လူးမှာ တအိမ်တယောက် မဖြစ်မနေ ပြည်သူ့စစ်ထဲ ဝင်ရတယ်။ ဝင်တဲ့သူတိုင်းကို လက်နက်တပ်ဆင်ပေးတယ်။ ယူနီဖောင်းပေးတယ်။ အရင်သိမ်းထားတဲ့ လက်နက်တွေနဲ့ ၄၀ မမတွေ ပေးတာတွေရှိတယ်။ ဒါတွေကိုထိန်းချုပ်ဖို့ ကျနော်တို့ တော်တော်ကြိုးစားရမှာပါ” လို့ ပြောပါတယ်။
ဆင်လူးရွာဟာ ရွာကြီးတရွာဖြစ်ပြီး ပျူစောထီးအင်အား ၁၂၉ ယောက်အထိ ရှိနေတဲ့အပြင် စစ်ကောင်စီတပ်တွေပါ အထိုင်ချပြီး ပွင့်ဖြူ၊ စေတုတ္ထရာနဲ့ စလင်းမြို့တွေကို စစ်ကြောင်းထိုး မီးရှို့တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတာဖြစ်ပါတယ်။











