
တရုတ်မြို့တော် ပေကျင်းမှာ အောက်တိုဘာ ၁၃ ရက်က ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ခေါင်းဆောင်များ အစည်းအဝေးမှာ ကျား၊ မ တန်းတူညီမျှမှုကို ကုလသမဂ္ဂ အရာရှိတွေက အလေးပေး ပြောကြားခဲ့ပြီး ကျား၊ မ ဒစ်ဂျစ်တယ် ခွဲခြားဆက်ဆံမှုကို ပေါင်းကူးပေးခြင်းဖြင့် လူဦးရေ သန်း ၃၀ ကို အလွန်အမင်း ဆင်းရဲမွဲတေမှုမှ ဖယ်ရှားပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ခေါင်းဆောင်များတွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းအနားမှာ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် အာမီနာ မိုဟမ်မဒ်က အမျိုးသမီးတွေရဲ့ တိုးတက်မှုက အလွန် နှေးကွေးနေသေးတယ်လို့ ပြောခဲ့ပါတယ်။
“အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် တိုးတက်မှုက ရေခဲတုံးလို အရှိန်အဟုန်နဲ့ ရွေ့နေတယ်။ နယ်ပယ် တော်တော်များများမှာ ရပ်တန့်နေရုံမက နောက်ပြန်ဆုတ်နေပါတယ်။ ကျနော်တို့ရဲ့ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေရဲ့ နောက်ဆုံးသတ်မှတ်ရက်ကနေ ၅ နှစ်မှာ ကျနော်တို့ ရပ်တည်နေပါတယ်။ နာရီက နောက်ကျသွားပြီ။ လွန်ခဲ့တဲ့ နှစ် ၃၀ က ပေးထားတဲ့ ကတိအတိုင်း အကောင်အထည်ဖော်ဖို့ အချိန်မကျန်တော့ဘူး။”
ကမ္ဘာကြီးဟာ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒစ်ဂျစ်တယ် အကူးအပြောင်းတွေရဲ့ အဓိကအချက်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို နည်းပညာခေတ်သစ်မှာ အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်လို့ အာမီနာက ပြောပါတယ်။
ကျား၊ မ ဒစ်ဂျစ်တယ် ခွဲခြားမှုကို ပေါင်းကူးခြင်းအားဖြင့် လူသန်း ၃၀ ကို အလွန်အမင်း ဆင်းရဲမွဲတေမှုကနေ တွန်းလှန်နိုင်ပြီး ၅ နှစ်အတွင်း ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ ထည့်ဝင်နိုင်ကြောင်း ထင်ရှားစေတယ်၊ ဘယ်စီးပွားရေးမှ လူဦးရေထက်ဝက်ရဲ့ မရှိမဖြစ် အရင်းအနှီးကို ဖယ်ထားပြီး အလားအလာ အပြည့်အ၀ မရရှိနိုင်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။
အနှစ် ၃၀ အကြာမှာ ကမ္ဘာက ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ စုပေါင်းခရီးမှာ အဓိကကျတဲ့ အချိန်မှာ ရပ်တည်နေပြီလို့လည်း သူက ပြောပါတယ်။
ပဋိပက္ခတွေ၊ အခွင့်အလမ်းတွေ၊ ကျန်းမာရေး၊ ဘေးကင်းရေးနဲ့ သူတို့ရဲ့ဘဝတွေဟာ အမြဲတစေ ခြိမ်းခြောက်ခံနေရတယ်။ လက်ရှိ ကမ္ဘာ့ခေတ်ရေစီးကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် အမျိုးသမီးနဲ့ မိန်းကလေး ၃၅၁ သန်းဟာ ၂၀၃၀ မှာ ဆင်းရဲတွင်းနက်နေရဆဲဖြစ်ပြီး ၇၀၈ သန်းဟာ အခကြေးငွေမယူတဲ့ စောင့်ရှောက်မှုတွေကြောင့် လုပ်သားအင်အားကနေ ဖယ်ထုတ်ခံရလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
မျှဝေထားတဲ့ အနာဂတ်- အမျိုးသမီးတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်မြှင့်ထားတဲ့ ဖြစ်စဉ်အသစ် ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ ဒီညီလာခံကို နိုင်ငံ့အကြီးအကဲတွေ၊ အစိုးရအရာရှိတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ ကမ္ဘာ့ တိုက်ကြီးအသီးသီးက ချစ်ကြည်ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေ အများအပြား စုဝေးခဲ့ကြပါတယ်။
Source: Reuters











