DVB Logo
Home
Lead Story
မြေရှားသတ္တုပြိုင်ပွဲကို တရုတ် ဘယ်လို ဦးဆောင်နေသလဲ
DVB
·
October 13, 2025
မြေရှားသတ္တုပြိုင်ပွဲကို တရုတ် ဘယ်လို ဦးဆောင်နေသလဲ
Donate to DVB

ဒါကို သန့်ရှင်းတဲ့နည်းပညာရဲ့ ညစ်ပတ်တဲ့ လျှို့ဝှက်ချက်လို့ ခေါ်နိုင်ပါတယ်။ ဘေဂျင်းအစိုးရရဲ့ မြန်မာလက်နက်ကိုင်တွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေက တရုတ်နိုင်ငံကို ကမ္ဘာ့မြေရှားသတ္တု ပြိုင်ပွဲမှာ အခိုင်အမာ ဦးဆောင်နေစေခဲ့ပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် ချီဖွေ၊ ပန်ဝါနဲ့ မိုးမောက်လို လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေဟာ စည်းကမ်းမဲ့ သတ္တုတူးဖော်ရေးရဲ့ ဗဟိုချက်မတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီနေရာတွေကနေ ထွက်တဲ့ သတ္တုတွေဟာ ကမ္ဘာတဝန်းက လျှပ်စစ်ကားတွေနဲ့ လေတာဘိုင်တွေရဲ့ ကုန်ကြမ်းကွင်းဆက်တွေကို ပံ့ပိုးပေးနေတာပါ။ တချိန်တည်းမှာပဲ ဒီအခြေအနေက ဘေဂျင်းအစိုးရအတွက် ကမ္ဘာ့ကုန်သွယ်ရေး သံတမန်ရေးရာမှာ အစွမ်းထက်တဲ့ ဖိအားပေးကတ်တခု ဖြစ်လာစေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်  ၄ နှစ်အတွင်းမှာပဲ မြေရှားသတ္တုတူးဖော်ရေးနေရာ ၂၄၀ ကျော် တည်ထောင်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ စုစုပေါင်းနေရာတွေရဲ့ သုံးပုံနှစ်ပုံလောက် ရှိပါတယ်။ ဒီအချက်အလက်ကို ISP-Myanmar ရဲ့ မတ်လ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အဲဒီအစီရင်ခံစာအရ ၂၀၂၁ ကနေစပြီး ၄ နှစ်လောက်အတွင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ မြေရှားသတ္တု တန်ချိန် ၁၇၀,၀၀၀ တင်သွင်းခဲ့ပါတယ်။ ဒါဟာ အီဖယ်လ်မျှော်စင် ၂၃ ခုရဲ့ စုစုပေါင်းအလေးချိန်နဲ့ ညီမျှပါတယ်လို့ အစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာပြည်က အကြီးစားတူးဖော်မှုတွေနဲ့ သူ့ရဲ့ အားကောင်းတဲ့ သန့်စင်ရေး စွမ်းရည်တွေကြောင့် ကမ္ဘာ့မြေရှားသတ္တုသံလိုက်ဈေးကွက်ကို စိုးမိုးထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ သူတို့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ဘေဂျင်းနဲ့ သိပ်မရင်းနှီးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က တရုတ်လိုလားသူ ပြည်သူ့စစ်ခေါင်းဆောင်တွေဆီကနေ အဲဒီဒေသတွေကို သိမ်းပိုက်လိုက်လို့ပါပဲ။ အဲဒီ ပြည်သူ့စစ်ခေါင်းဆောင်တွေထဲမှာ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) လို့ခေါ်တဲ့ အဖွဲ့နဲ့ အရင်က ပတ်သက်ခဲ့သူတွေလည်း ပါဝင်ပါတယ်။

ဒီအခြေအနေတင်းမာမှုကို ဧပြီလမှာတော့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတွေက KIO က သတ်မှတ်လိုက်တဲ့ တတန်ကို ယွမ် ၃၅,၀၀၀ (ဒေါ်လာ ၄,၉၀၀) အခွန်ကို ပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ Kachin News Group က ရိုက်တာသတင်းကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသတင်းထဲမှာ KIO ပြောရေးဆိုခွင့်ရှိသူတဦးကတော့ “ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရရှိသေးဘူး” လို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။ KIO ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကတော့ တိုက်ပွဲဝင်မှုတွေကြောင့် ပိုပြီး လူသိများပါတယ်။

“KIA က တရုတ်တွေနဲ့ မဆက်ဆံချင်ပေမဲ့ ရွေးချယ်စရာမရှိဘူး” လို့ KIA စခန်းတွေကို သွားရောက်လည်ပတ်ဖူးတဲ့ ဆွီဒင် သတင်းစာဆရာ ဘာတေးလစ်တနာက  The Economic Times ကို ပြောပါတယ်။ “ဓာတ်ဆီ၊ အစားအသောက်၊ ဆေးဝါးနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေက တရုတ်နိုင်ငံကနေ KIA ထိန်းချုပ်ရာ နယ်မြေတွေထဲကို ဝင်လာတာပါ။ တရုတ်နယ်စပ်မှာရှိတဲ့ သူတို့ရဲ့ ဌာနချုပ် လိုင်ဇာမြို့အထိပါပဲ။”

ပြီးခဲ့တဲ့နှစ်က KIA က NDA-K ရဲ့ နောက်လိုက်အဖွဲ့တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်တဲ့အခါ “တရုတ်တွေက သူတို့ကို မလုပ်ဖို့ ဖိအားပေးခဲ့တယ်” လို့ သူက ထပ်ပြောပါတယ်။ ဒါပေမဲ့ KIA ကတော့ သူလုပ်စရာရှိတာကို ရှေ့ဆက်လုပ်ခဲ့ပါတယ်။ ဒါဟာ KIA က စစ်ရေးမဟုတ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေအတွက် တရုတ်ကို မှီခိုနေရပေမဲ့ လွတ်လပ်စွာလှုပ်ရှားနိုင်ခွင့်တော့ ရှိနေသေးတယ် ဆိုတာကို သက်သေပြနေတယ်လို့ သူက သုံးသပ်ပါတယ်။

နယူးဒေလီနဲ့ ဝါရှင်တန်တို့ကလည်း အဲဒီဒေသကနေ သတ္တုတွေထုတ်ယူဖို့ စူးစမ်းခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ ခက်ခဲလိမ့်မယ်လို့ ဘာတေးလစ်တနာက ပြောပါတယ်။ “သတ္တုတွင်းတွေက တရုတ်နယ်စပ်မှာ တည်ရှိနေပြီး အခု သတ္တုတွင်းတွေကို ထိန်းချုပ်ထားတဲ့ KIA အတွက် သတ္တုတွေကို အိန္ဒိယကို သယ်ယူပို့ဆောင်ဖို့ဆိုတာ အရမ်းခက်ခဲပါလိမ့်မယ်။ တရုတ်တွေကလည်း ဒါမျိုးဖြစ်မလာအောင် တတ်နိုင်သမျှ တားဆီးလိမ့်မယ်” လို့ သူကဆိုပါတယ်။

KIA ထိန်းချုပ်ရာနယ်မြေတွေကနေ အာရုနာချယ်ပရာဒေ့ရှ်နယ်စပ်နားက ပီနောင်းဇွပ်ကိုသွားတဲ့ တောလမ်းလိုမျိုး လမ်းတွေကနေ မြေရှားသတ္တုအများအပြားကို သယ်ယူပို့ဆောင်ဖို့ဆိုတာ ထောက်ပံ့ပို့ဆောင်ရေးအရ အလွန်ခက်ခဲတဲ့ကိစ္စတခု ဖြစ်ပါလိမ့်မယ်။

အိန္ဒိယ သတ္တုတွင်းဝန်ကြီးဌာနက နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက KIA ထိန်းချုပ်ရာ သတ္တုတွင်းတွေကနေ မြေရှားသတ္တုနမူနာတွေ စုဆောင်းသယ်ယူဖို့ တောင်းဆိုထားတယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့က ရိုက်တာ သတင်းတပုဒ်မှာ အမည်မဖော်လိုသူတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။ အဲဒီသတင်းမှာ လက်နက်ကိုင်အဖွဲ့က အိန္ဒိယအတွက် နမူနာတွေ စတင်စုဆောင်းနေပြီဖြစ်ပြီး မြေရှားသတ္တု အများအပြားကို အိန္ဒိယကို တင်ပို့နိုင်ခြေရှိ၊ မရှိ အကဲဖြတ်ဖို့ သဘောတူညီခဲ့တယ်လို့လည်း ထပ်လောင်းဖော်ပြထားပါတယ်။

လျှို့ဝှက်သဘောတူညီချက်များ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ရာမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်စီမံခန့်ခွဲမှုနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဘေဂျင်းကတော့ နေပြည်တော်က စစ်အုပ်စုနဲ့သာမက မြန်မာနိုင်ငံက နိုင်ငံအဆင့်မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ပါ ဆက်ဆံရေးထူထောင်ပြီး တဆင့်ပိုတက်လှမ်းခဲ့ပါတယ်။ အဲဒီအဖွဲ့တွေဟာ အခုချိန်မှာ မြေရှားသတ္တုတွင်းတွေလို အကျိုးအမြတ်များတဲ့ နေရာတွေ အပါအဝင် နယ်မြေအများအပြားကို ထိန်းချုပ်ထားတာပါ။

တရုတ်ကုမ္ပဏီတွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ လျှို့ဝှက်သဘောတူညီချက်တွေ ပြုလုပ်လေ့ ရှိပါတယ်။ အဲဒီအဖွဲ့တွေက တလုံးတခဲတည်း ငွေပေးချေမှုနဲ့ လဲလှယ်ပြီး သတ်မှတ်ထားတဲ့ ဧရိယာတွေမှာ သတ္တုတူးဖော်ခွင့်တွေ ပေးထားကြတယ်လို့ ယူကေသုတေသီတွေဖြစ်တဲ့ ပတ်ထရစ်မီဟန်၊ မန်ဒီဆာဒန်နဲ့ မြန်မာနိုင်ငံ KRC က ဒန်ဆန်းလွမ်န် တို့ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီစာတမ်းမှာ ဘေးဖယ်ခံထားရတဲ့ လူမှုအသိုက်အဝန်းတွေဟာ မမျှတတဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို ဘယ်လိုခံစားနေရသလဲ ဆိုတာကိုလည်း မီးမောင်းထိုးပြထားပါတယ်။

ယူကေအခြေစိုက် Global Witness အဖွဲ့ကလည်း ဒီကိစ္စကို ၂၀၂၂ ခုနှစ်မှာ စုံစမ်းစစ်ဆေးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ နောက်ဆက်တွဲ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ သူ့ရဲ့ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းအများစုကို မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းလုပ်ဆောင်နေပြီး “ပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ပေးဆပ်မှုတွေ” ရှိနေတယ်လို့ ဆိုပါတယ်။ တူးဖော်ရေးလုပ်ငန်းစဉ်ဟာ အလွန်ညစ်ညမ်းပြီး “ရှုခင်းတွေကို ဖျက်ဆီးကာ ရေလမ်းကြောင်းတွေကို အဆိပ်သင့်စေတယ်” လို့လည်း ထပ်လောင်း ပြောကြားထားပါတယ်။

ရှန်တာနူး နန်ဒန် ရှာမာ

Ref: The Economic Times 

Photo: Global Witness 

(The Economic Times သတင်းစာတွင် ဆောင်းပါးရှင် Shantanu Nandan Sharma ရေးသားထားသည့်  “How Beijing’s secret deals with Myanmar’s militants keep China ahead in the rare Earth race” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013